ဘားအံထောင် အကျဉ်းသားတွေ ထွက်ပြေး

ဓာတ်ပုံ မူပိုင် Google
Image caption ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲမှာ နှစ်ကြီးသမားအချို့လည်းပါ

ဘားအံ အကျဉ်းထောင်မှာ တနင်္ဂနွေ မနက်ပိုင်းက အကျဉ်းသား ၄၀ ကျော် ထောင် ကနေ ထွက်ပြေး လွတ်မြောက် သွားခဲ့ ပါတယ်။

အကျဉ်းသား အချို့ကိုတော့ ပြန်လည် ဖမ်းဆီးရမိ ခဲ့တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ကနေ သိရပါတယ်။

အကျဉ်းသား ၄၀ ကျော်ဟာ ထောင်တွင်းက အမှိုက်ကားကို အသုံးပြုပြီး မနက် ၉ နာရီ ဝန်းကျင်က ဘားအံ အကျဉ်း ထောင် ကနေ ထွက်ပြေး လွတ်မြောက် သွားခဲ့တယ်လို့ ကရင် ပြည်နယ် ရဲတပ်ဖွဲ့ ကနေ သိရ ပါတယ်။

တနင်္ဂနွေပိတ်ရက်မှာ ပုံမှန် ထောင် သန့်ရှင်းရေးကို လုပ်လေ့ ရှိတယ်လို့ သိရပြီး ထောင်တွင်း အမှိုက်တွေကို သွားပစ် မယ့် ကားပေါ်က အကျဉ်း ဦးစီး ဝန်ထမ်းကို အကျဉ်းသား တစုက ဝိုင်းရိုက်ကာ၊ အဲဒီ ကားနဲ့ပဲ မောင်းပြေးပြီး ထွက်ပြေး လွတ်မြောက် သွားခဲ့တာ ဖြစ်တယ်လို့ ပြည်နယ် နယ်လုံ ဝန်ကြီးရဲ့ သတင်းပေး ပြောဆိုမှု အပေါ် တိုင်းရင်း သား ရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက ဘီဘီစီကို ပြန်လည် ပြောပြ ပါတယ်။

ထွက်ပြေး သွားတဲ့ အကျဉ်းသား တွေထဲမှာ နှစ်ကြီး သမား အချို့လည်း ပါတယ်လို့ ရဲတပ်ဖွဲ့ဘက်က ဘီဘီစီကို အတည်ပြု ပေးခဲ့ပါတယ်။

ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသား ၄၁ ဦး အနက် ညနေ ၅ နာရီ ကျော်မှာ ၄ ဦးကို ပြန် ထိန်းသိမ်း နိုင်တယ် လို့ အတည်ပြု နိုင်ခဲ့ပြီး အဲဒီ ထဲက ၃ ဦးကို ဘားအံမြို့နဲ့ မိုင် ၂၀ ဝန်းကျင် လောက် အကွာမှာ ရှိတဲ့ မင်းဇီရွာကြီးမှာ ရွာသူ ရွာသား တွေ က ဝိုင်းဖမ်း ပေးခဲ့တာ ဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ် တင်ထွန်းလတ်က ဘီဘီစီကို အတည်ပြု ပြောဆို ပါတယ်။

ဘားအံ အကျဉ်းထောင် ထဲမှာ ရဲတပ်ဖွဲ့ဝင် အင်အား နည်းတဲ့ အတွက် အခုလို ဖြစ်နိုင်ကြောင်း ဦးမင်းတင်ဝင်း က ပြောပါ တယ်။

အခု ထောင်ဖောက်ပြေးမှုဟာ ဘားအံ အကျဉ်းထောင်မှာ ပထမဆုံး ထောက်ဖောက် ပြေးမှု ဖြစ်တယ် လို့လည်း ဒေသခံ တွေ ကပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေ အနေနဲ့ လုံခြုံရေးကို သတိပြု နေထိုင် နေကြပြီး လွတ်မြောက် နေတဲ့ အကျဉ်းသားတွေ ပြန်လည် ဖမ်းဆီးရ မိရေးကို ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ပြီး ပူးပေါင်း ဆောင်ရွက် နေကြတယ် လို့လည်း သိရပါတယ်။