ဘားအံအကျဉ်းသားတွေကို ဦးဆောင်ပြီး ထွက်ပြေးခဲ့သူ အသေဖမ်းမိ

ကရင်ပြည်နယ်ရဲတပ်ဖွဲ့က နယ်မြေအတွင်း လိုက်လံ ဖမ်းဆီးရှာဖွေနေစဉ် ဓာတ်ပုံ မူပိုင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့
Image caption ကရင်ပြည်နယ်ရဲတပ်ဖွဲ့က နယ်မြေအတွင်း လိုက်လံ ဖမ်းဆီးရှာဖွေနေစဉ်

ဘားအံအကျဉ်းထောင်က အကျဉ်းသားတွေကို ဦးဆောင်ပြီး ထွက်ပြေးခဲ့တဲ့ ကျော်မိန်လ (ခ) အရှောင်ကို လိုက်လံဖမ်းဆီးမှုအတွင်း သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘားအံအကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက် အနက် ပြစ်ဒဏ်ကျ တရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ယောက် ပါဝင် ပါတယ်။

အကျဉ်းသားတွေကို ဦးဆောင်ပြီး ထွက်ပြေးခဲ့တဲ့ ကျော်မိန်လ (ခ) အရှောင်( ခ) ကျော်ဖကုလား (ခ) မိန်လှဟာ မူးယစ်မှုဖြင့် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ကျခံထားရသူ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဘားအံ အကျဉ်းထောင်ကနေ အကျဉ်းသား ၄၁ ယောက် ထွက်ပြေးခဲ့တာပါ။

ထွက်ပြေးခဲ့တဲ့ အကျဉ်းသား ၄၁ ယောက် အနက် အကျဉ်းသား ၁၄ ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။

ဘားအံမြို့နယ် မိဇံရွာကြီးကျေးရွာမှာ ၃ ယောက်၊ မဲဘောင်ကျေးရွာ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေးရှိ ရွှေနှစ်သက် လဘက်ရည်ဆိုင်ရှေ့တွင် ၂ ယောက်၊ ထောင်ဘူးဝအနီးတွင် အကျဉ်းသား ၁ ယောက်နဲ့ ကျန် အကျဉ်းသားတွေကို နောင်ကမြိုင်တောင်ကြော၊ ကော့လှိုက်ရွာ၊ တဝန်ဖန်ရကျေးရွာ၊ ထီလုံရွာ အစရှိတဲ့ နေရာတွေမှာ ပြန်လည်ဖမ်းဆီးရရှိမိတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Nyan pai thu
Image caption ဘားအံအကျဉ်းထောင်

စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စုပုံထားတဲ့ အမှိုက်တွေကို သွားပစ်မယ့်ယာဉ်ကို ထောင်ဒဏ်လွတ်ရက်မရှိ အကျဉ်းသား ကျော်မိန်လ (ခ) အရှောင်က ယာဉ်မောင်းတဲ့ အကျဉ်းသားဝန်ထမ်းကို ထိုးကြိတ်ပြီး ယာဉ်ကို မောင်းနှင်ကာ ထောင်တံခါးလေးဆင့်ကို ယာဉ်နဲ့တိုက်ဖွင့်ကာ ယာဉ်ပေါ်ပါ အကျဉ်းသား ၄၀ ပါ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

ထွက်ပြေးသူတွေကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး အင်အားဖြန့်ကျက် ရှာဖွေနေတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ