တပ်မတော်ခေါင်းဆောင်ပိုင်းကို ဖယ်ရှားဖို့ ထပ်လောင်းတောင်းဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ၃ ဦးပါ အချက်အလက် ရှာဖွေရေးအဖွဲ့

မြန်မာနိုင်ငံ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲ အစိုးရစစ်တပ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆိုပြီး စွပ်စွဲမှုတွေ ပြုလုပ်ထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

တပ်မတော်အပေါ် အဓိက အာရုံစိုက် ပြစ်တင် ပြောဆိုတာတွေပြုလုပ်ထားတဲ့ စာမျက်နှာပေါင်း ၄၄ဝ ကျော်တဲ့ အဲဒီ အသေးစိတ် အစီရင်ခံစာကို ကျင်းပလက်စ ၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးထံ အချက်အလက် ရှာဖွေရေး အဖွဲ့က တင်သွင်းတာ ဖြစ်ပါတယ်။

ဩဂုတ်လက ထုတ်ပြန်ခဲ့တဲ့ ကနဦး အစီရင်ခံစာ အတိုင်းပဲ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် တွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ အခု အသေးစိတ် အစီရင်ခံစာထဲ မှာလည်း တိုက်တွန်း ထားပါတယ်။

တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူအမြောက်အမြားအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်တွေ ကျူးလွန် ခဲ့မှုတွေ အတွက် စုံစမ်း စစ်ဆေး ၊ တရားစွဲတာတွေ ပြုလုပ်သင့်တယ် ဆိုပြီး အချက်အလက် ရှာဖွေရေး အဖွဲ့က ထပ်လောင်း ပြောဆိုပါတယ်။

အင်ဒိုနီရှား ဝါရင့် ရှေ့နေ မာဇူကီ ဒါရုဇ်မန်ကို ဦးဆောင်စေပြီး လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် စုံစမ်းရေး အဖွဲ့အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်ကို ပြုပြင်တည်ဆောက်ဖို့ လိုတယ်လို့ မာဇူကီ ဒါရုဇ်မန်ပြော။

မြန်မာနိုင်ငံကို ခေတ်သစ် ဒီမိုကရေစီ တိုင်းပြည် အဖြစ် ဖွံ့ဖြိုးလာရေးမှာ တပ်မတော်က အကြီးမားဆုံး အနှောင့်အယှက် အဟန့်အတား ဖြစ်နေစေတယ် ဆိုပြီး အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ မာဇူကီ ဒါရုဇ်မန်က ပြောရင်းမှာပဲ၊ မြန်မာ့အရေးမှာ တပ်မတော်ဟာ ဥပဒေရဲ့ အထက် ဆက်လက် ရှိနေသ၍တော့ ငြိမ်းချမ်းရေး ဘယ်လိုမှ မရနိုင်ဘူးလို့လည်း မစ္စတာ ဒါရုဇ်မန်က ပြစ်တင် ပြောဆိုပါတယ်။

ဒါ့ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းတွေကို အစားထိုးပစ်မှ ဖြစ်မယ်၊ တပ်မတော်ကို အရပ်သားတွေရဲ့ စီမံခန့်ခွဲ ထိန်းချုပ်မှုအောက် ထားနိုင်အောင် အလုံးစုံ ပြုပြင် တည်ဆောက်ဖို့ လိုအပ်တယ် လို့လည်း မစ္စတာ ဒါရုဇ်မန်က ဆိုပါတယ်။

"ဒီမိုကရေစီစနစ်အောက်မှာ အမုန်းစကား ပြောတာ၊ သတင်းမှား ဖြန့်တာတွေကို တက်တက်ကြွကြွ တိုက်ဖျက်တဲ့၊ နောက်ပြီး စောင့်ကြည့် စစ်ဆေးခံနိုင်တဲ့ အစိုးရတစ်ရပ် လိုအပ်တယ်။ ဒါ့အပြင် ခွဲခြားမှု မရှိ အခွင့်အရေးတွေကို အာမခံနိုင်စွမ်းတဲ့ ဥပဒေမူဘောင်လည်း လိုအပ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကတော့ အခုန လိုအပ်ချက်တွေနဲ့ ယှဉ်ထိုးကြည့်မယ် ဆိုရင် အနိုင်နိုင် အစပျိုးခဲ့တာကနေ အခုတော့ တိုးတက်မှုမရှိ လုံးဝရပ်နေပြီ" လို့ အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ဒါရုဇ်မန်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကာချုပ်ကို ပစ်မှတ်ထားပြီး အချက်အလက် ရှာဖွေရေးအဖွဲ့ ဝေဖန်နေ
ဓာတ်ပုံ မူပိုင် B#
Image caption ရခိုင်အရေး ပိုကောင်းတဲ့နည်းနဲ့ ကိုင်တွယ် နိုင်ခဲ့သင့်တယ်

အစိုးရပေါ် ဝေဖန်သူတွေတော့ မြန်မာပြည်မှာ အဖမ်းခံနေရ၊ ထောင်ချခံနေရချိန် တစ်ဘက်မှတော့ အမုန်းစကားတွေ အထူးသဖြင့် ရိုဟင်ဂျာ ဆန့်ကျင့်ရေး အမုန်းစကားတွေ တွင်ကျယ် လွန်းနေတယ်လို့လည်း လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မစ္စတာ ဒါရုဇ်မန်က ပြောပါတယ်။

ဂျနီဗာမှာ ထားရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကတော့ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ တစ်ဘက်သတ် ကျလွန်းတယ် ဆိုပြီး တုံ့ပြန်ပါတယ်။

"ဒီအစီရင်ခံစာကြောင့် မြန်မာအစိုးရရဲ့ စိုးရိမ်မှုတွေကိုသာ ပိုပြီး အားကောင်းလာစေတယ်။ ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်းတွေကြား သင့်မြတ်ရေးလည်း ဒီအစီရင်ခံစာကြောင့် ထိခိုက်နိုင်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေ ကိုလည်း သေးသိမ် စေတယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဘာတွေ ဖော်ပြထားသလဲ

အချက်အလက်ရှာဖွေရေး အဖွဲ့ကတော့ အခု အစီရင်ခံစာကို ကြည့်ရင် တိုင်းပြည်တလွှား တပ်မတော်က ကျူးလွန်တဲ့ လူ့အခွင်းအရေး ချိုးဖောက်မှု ပုံစံတွေကို ရှင်းရှင်းလင်း သိရှိ သွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက ပြည်ဝင်ခွင့် မပေးတဲ့ ဒီ အချက်အလက် ရှာဖွေရေး အဖွဲ့ဟာ သူတို့ အစီရင်ခံစာထဲ အခုလို အသေးစိတ် အချက်တွေ ပါဝင်နိုင်ဖို့ နိုင်ငံ ၅ နိုင်ငံမှာ လူတွေ့မေးမြန်းတာတွေ အကြိမ်ပေါင်း ၈၇၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေတင်မက ရခိုင်လူမျိုးတွေ အပေါ်မှာ တပ်မတော်က ပြုမူတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေ၊ လိင်ပိုင်း စော်ကားတာတွေ၊ သတ်ဖြတ်တာတွေ၊ နေရပ်ကနေ ထွက်သွားခိုင်းတာတွေလည်း ဖော်ပြထားတယ်လို့ အစီရင်ခံစာ တင်သွင်းသူတွေက ဆိုပါတယ်။

နိုင်ငံတကာက အလေးပေးနေတဲ့ ရခိုင်ပြည်နယ် အရေးသာမက၊ ကချင်နဲ့ ရှမ်းပြည်နယ်ထဲက အခြေအနေတွေ အကြောင်းပါ ဒီအစီရင်ခံစာထဲ ဖော်ပြ ထားတာဖြစ်ပြီး တာဝန် အရှိဆုံး သူတွေ အဖြစ် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ၆ ဦးကို နာမည်တပ်ပြီး ပြောဆိုထားနှင့်ပြီး ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

ဒါ့အပြင် နောက်ထပ် နာမည်တွေ ထည့်သွင်းထားတဲ့ စာရင်းကိုလည်း လူအများကို ထုတ်ပြန် ပေးဦးမှာ မဟုတ်သေးပဲ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မီချဲလ် ဘက်ချလက်ရဲ့လက်ထဲ ထည့်မယ်၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးအတွက် သက်ဆိုင် ဆီလျော်ရာ အဖွဲ့အစည်း တွေကို မစ္စ ဘက်ချလက်ကလည်း လျှို့လျှို့ဝှက်ဝှက် ဆက်သွယ်သွားလိမ့်မယ်လို့ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ မာဇူကီ ဒါရုဇ်မန်က ပြောထားပါတယ်။