အင်းလေးက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသားနဲ့ ဆက်နွယ်တဲ့မြေတွေ ပြန်စစ်မယ်

ဓာတ်ပုံ မူပိုင် Frank Bienewald
Image caption သာယာလှပတဲ့ အင်းလေးကန်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေနဲ့ဆက်စပ်နေတဲ့ မြန်မာနိုင်ဂရု ကုမ္ပဏီက ဟိုတယ်ဆောက်ဖို့ ယူထားတဲ့ အင်းလေးကန် ဒေသမြေဧက ၉ဝ ကိုပြန် စိစစ်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ် ။

ဦးထွန်းနိုင်ရွှေနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ဂရုကုမ္ပဏီက အင်းလေးက မြေမှာ ဟိုတယ်ဆောက်လုပ်ဖို့အတွက် ကန့်ကွက်လိုသူရှိက ကန့်ကွက်နိုင်ကြောင်း ကြေညာစာထုတ်ခဲ့ပါတယ် ။

ဒီကြေညာချက်နဲ့ပတ်သက်လို့ အင်းလေးဒေသခံတွေက ဟိုတယ်တည်ဆောက်ခြင်းကို ကန့်ကွက်ပေးဖို့နဲ့ ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ တောင်းဆိုတာကို အမျိုးသား လွှတ်တော် သယံဇာတ ကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ဂရုကို ပယ်ဖျက်ပေးခဲ့တဲ့ မြေဧက ၉ဝ ကို ဘေးမဲ့မြေ အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး ဒေသခံများရဲ့ ထောက်ခံချက်နဲ့ ပြန်လည် ဖွဲ့စည်းသွားမယ် လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားလွှတ်တော် သယံဇာတ ကော်မတီကို အကြောင်းပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Frank Bienewald
Image caption အင်းလေးက လှပတဲ့ ဟိုတယ်တခု

ရှမ်းပြည်နယ်အစိုးရ စိုက်ပျိုးရေးဝန်ကြီးကတော့ ဒေသခံတွေ ကန့်ကွက်တာကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်ထောင်စုကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဦးထွန်းနိုင်ရွှေနဲ့ဆက်စပ်နေတဲ့ မြန်မာနိုင်ဂရု ကုမ္ပဏီအနေနဲ့ အင်းလေးကန်ဒေသ မိုင်းသောက် ကျေးရွာအုပ်စုထဲမှာရှိတဲ့ မြေဧက ၉ဝ ကို ဟိုတယ် ဆောက်လိုတဲ့အတွက် ဘေးမဲ့တောမြေအဖြစ်က ပယ်ဖျက်ပေးဖို့ တပ်မတော်အစိုးရ လက်ထက်က တင်ပြခဲ့ပါတယ်။

အဲဒီလိုတင်ပြချက်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှာ ကျင်းပတဲ့ တပ်မတော်အစိုးရ အစည်းအဝေးက သဘောတူကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် မြေဧက ၉ဝ ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဘေးမဲ့တောအဖြစ်ကနေ ပယ်ဖျက် ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption မြန်မာပြည် အာဏာကို နှစ်ရှည်ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

မြန်မာနိုင်ဂရု ကုမ္ပဏီအနေနဲ့ အဲဒီမြေပေါ်မှာ ဟိုတယ်ဆောက်ဖို့ တင်ပြခဲ့ပေမယ့် အခုချိန် ဟိုတယ် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အခြေခံအဆောက်အအုံ အနည်းငယ်သာ ဆောက်လုပ် ထားပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲမှာ တည်ရှိတဲ့ အင်းလေးကန်ဟာ အာဆီယံအမွေအနှစ် တခုဖြစ်သလို ယူနက်စကို အသိအမှတ်ပြု ကန်ကြီး ဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ ရေဝပ်ဧရိယာအဖြစ် သတ်မှတ်ခံရတဲ့နေရာ ဖြစ်ပါတယ်။