အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရိုဟင်ဂျာအစီရင်ခံစာမှာ ဘာတွေ ပါသလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၇ ခုစက်တင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာ လူအများအပြား သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှုနဲ့ တခြားရက်စက်ကြမ်းကြုတ်မှုတွေကို အကွက်ချစီစဉ်ပြီး အချိတ်ဆက်ရှိရှိ ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာတစောင်က ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေဟာ လူအများအပြားကို ကြောက်လန့်အောင် အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်ပုံရပြီး ရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၂၀ ပါတဲ့ အဲဒီအစီရင်ခံစာကို စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

အစီရင်ခံစာကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဗျူရိုရဲ့ ငွေကြေးထောက်ပံ့မှုရယူပြီး ထောက်လှမ်းရေးနဲ့ သုတေသနဗျူရိုက စုံစမ်းလေ့လာမှုလုပ်ခဲ့တဲ့ အချက်အလက်တွေ အပေါ်အခြေခံပြုစုထားတာဖြစ်ပါတယ်။ စုံစမ်းလေ့လာမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၂၄ ယောက်ကို မေးမြန်းပြုလုပ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တချို့ရဲ့ ဖြေကြားချက်တွေအရ ကြိုတင်အကွက်ချစီစဉ်မှုရှိကြောင်း တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်တခုမှာ ဒေသခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေက အနီးပတ်ဝန်းကျင်ကျေးရွာတွေရဲ့ မွတ်စလင်ခေါင်းဆောင် ၂၅ ယောက်ကို ဆင့်ခေါ်ပြီး ရွာကထွက်သွားဖို့ ကြိုတင်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ ရွာတွေကနေ မထွက်ခွာခဲ့ရင် အသတ်ခံရနိုင်တယ်၊ ဒါမှမဟုတ် မီးရှို့ခံရနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

တခြားဒုက္ခသည်တချို့ရဲ့ ဖြေကြားချက်မှာတော့ အကြမ်းဖက်မှု မဖြစ်ပွားခင် ရက်အနည်းငယ်အလိုမှာ ရိုဟင်ဂျာ မဟုတ်တဲ့ အနီးအနားက တခြားလူတွေဟာ နေရပ်စွန့်ခွာရွှေ့ပြောင်းသွားကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မေးမြန်းခဲ့သူတွေရဲ့ လေးပုံသုံးပုံက သူတို့ကို တိုက်ခိုက်သူတွေဟာ အစိုးရစစ်တပ်လို့ ဆိုပြီး လေးပုံတပုံလောက်ကတော့ ရဲအဖွဲ့နဲ့ ရိုဟင်ဂျာ မဟုတ်တဲ့ အရပ်သားတွေရဲ့ တိုက်ခိုက်မှုခံရတာလို့ ထွက်ဆိုခဲ့ကြပါတယ်။

၈၀ ရာခိုင်နှုန်းလောက်က သူတို့ဟာ စစ်တပ် သို့မဟုတ် ရဲရဲ့ သတ်ဖြတ်မှုကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တဝက်ကျော်လောက်က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်တာကိုမြင်ခဲ့ရတယ်လို့ ပြောပြီး ၂၀ ရာနှုန်းကတော့ ဓားနဲ့ သတ်ဖြတ်တာကိုတွေ့မြင်ခဲ့ရတယ်လို့ ဆိုကာ ၁၀ ရာနှုန်းကလောက်ကတော့ မီးရှို့သတ်ဖြတ်တာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရေနစ်သေဆုံးတာကို တွေ့ရတယ်လို့ ဆိုသူက ၃ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

သတ်ဖြတ်တိုက်ခိုက်မှုတွေမှာ ကားကြီးကားလေးတွေ၊ စပိဘုတ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP

စစ်သားတွေဟာ ပြောင်းတို၊ ပြောင်းရှည် သေနတ်တွေနဲ့ ဓားတွေကိုင်ဆောင်ကြတယ်လို့ အများစုက ဖြေဆိုကြပါတယ်။ တချို့နေရာတွေမှာတော့ ရော့ကက်လောင်ချာလိုမျိုး လက်နက်ကြီးတွေနဲ့ ဖောက်ခွဲပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလနဲ့ စစ်ဆင်ရေး မတိုင်မီကာလတွေမှာ ညှင်ပမ်းနှိပ်စက် စစ်ဆေးမှုတွေရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ခြေလက် အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်တာ၊ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးတွေကို မီးရှို့တာ၊ လိင်အင်္ဂါတွေကို မီးရှို့တာအပြင် အရှင်လတ်လတ်မီးရှို့တာမျိုးပါရှိတယ်လို့ ပြောဆိုဖြေကြားသူတွေကို တွေ့ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေကို တောင်ကုန်းပေါ်ခေါ်သွားပြီး မုဒိမ်းကျင့်သတ်ဖြတ်တာတွေရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီအစီရင်ခံစာဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလို လူမျိုးတုံးသတ်ဖြတ်မှု Genocide ၊ လူအမြောက်အမြားအပေါ် ရက်စက်စွာ ကျူးလွတ်တဲ့ ရာဇ၀တ်မှု Crimes Against Humanity ၊ စစ်ရာဇဝတ်မှု War Crime ဆိုတဲ့ စကားလုံးတွေကိုတော့ သုံးနှုန်းထားတာ မရှိပါဘူး။

လူမျိုးတုံးသတ်ဖြတ်မှု Genocide မြောက်မမြောက်ဆိုတာကို သေသေချာချာ အသေးစိတ်လေ့လာစစ်ဆေးမှုတွေကို ပြုလုပ်ပြီး နိုင်ငံခြားရေးဝန်ကြီးကသာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ မြန်မာနိုင်ငံ အမေရိကန် သံရုံးရဲ့ ပြောခွင့်ရ မစ္စအာရနီမန်ရင်းက ဘီဘီစီကို ပြောပါတယ်။

သူတို့အနေနဲ့ လူအမြောက်အမြားအပေါ် ရက်စက်စွာ ကျူးလွတ်တဲ့ ရာဇ၀တ်မှု Crimes Against Humanity လို့လည်း မသတ်မှတ်သေးဘဲ လောလောဆယ်မှာ လူမျိုးစုရှင်းလင်းမှု Ethnic Cleansing လို့သာ သတ်မှတ်ထားသေးကြောင်းလည်း မြန်မာနိုင်ငံ အမေရိကန် သံရုံးရဲ့ ပြောခွင့်ရ မစ္စအာရနီမန်ရင်းက ဘီဘီစီကို ပြောပါတယ်။