လှိုင်သာယာက နေအိမ်မှာ အုပ်စုဖွဲ့လာရောက်ရန်ပြုခံရတာကြောင့် သေဆုံး

ဓာတ်ပုံ မူပိုင် TINTUNNAING
Image caption အခင်းဖြစ်ပွားခဲ့တဲ့ သေဆုံးသူရဲ့နေအိမ်

စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီကျော်ဝန်းကျင်က လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းမှာရှိတဲ့ နေအိမ်တလုံးမှာ နေထိုင်တဲ့လူတဦးကို လူလေးယောက် လောက်က လာရောက် တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ အဲဒီနေရာ ကိုရောက်ရှိခဲ့တဲ့ လှိုင်သာမြို့ခံအချို့က ဘီဘီစီ ကို ပြောပါတယ်။

သေဆုံးသူမှာ ရပ်ကွက်က လူမိုက်ဝါးကြီးလို့ သတ်မှတ်ခံထားရသူတဦးဖြစ်ပြီး တက်စီအငှားယာဉ်နဲ့ အုပ်စု လိုက် လာရောက် ရန်ပြုခဲ့တာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

' ' လာတာကတော့ ၄ ယောက်လို့ပြောတယ်။ တယောက်တော့မိထားတယ်။ တက်စီအငှားယာဉ်ကို မောင်း လာတဲ့သူလို့ သိရတယ်။ ကျန်တဲ့သူတွေကတော့ ပါလာတဲ့တက်စီကို ချောင်းစပ်မှာထားခဲ့ပြီး ပဲ့ထောင်နဲ့ ထွက်ပြေးသွားကြတာ။ ခြံကတော့ ပေ ၂၀၀ ပတ်လည်လောက်ရှိပြီး ခြံစည်းရိုးခတ်ထားတဲ့အပြင် ချုံတွေ ကလည်းများတော့ အပြင်ကနေ အထဲကို ရုတ်တရက်မြင်ဖို့ မလွယ်ဘူး ။ ဘေးကလူတွေကတော့ အမျိုးမျိုး တွေ ထင်ကြေးပေးနေကြတာပဲ။ လက်နက်ကိုင် အဖွဲ့တဖွဲ့က လာပစ်သွားတယ်ဆိုပြီးပြောနေကြတာပဲ '' လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးဖြစ်တဲ့ ကိုတင်ထွန်းနိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် TINTUNNAING
Image caption သေဆုံးသူအလောင်းကို တွေ့ခဲ့ရတဲ့နေရာ

လာရောက်ရန်ပြုသူအဖွဲ့က ဒဏ်ရာရသူတဦးပါ ကျန်ရှိခဲ့တယ်လို့ ပြောဆိုနေကြသလို အချို့ကလည်း သေဆုံးသွားသူရဲ့ နေအိမ်က လူအချို့ကို ဖမ်းခေါ်သွားတယ်လို့လည်း ပြောဆိုတာတွေရှိနေပေမယ့် လှိုင်သာယာမြို့မရဲစခန်းကို အတည်ပြုဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း အတည်မပြုနိုင် ခဲ့ပါဘူး။

သေဆုံးသူကို သေနတ်နဲ့ပစ်ခတ်သွားတဲ့ ဒဏ်ရာကြောင့် သေဆုံးတယ်လို့ မျက်မြင်တွေ့ခဲ့သူအချို့ရဲ့ ပြောကြားမှုအပေါ် တဆင့်ပြန်လည်ပြောဆိုသူတွေရှိနေပါတယ်။

သေဆုံးသူရဲ့ ဒဏ်ရာအပေါ် လှိုင်သာယာမြို့နယ်ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာ စန်းလင်းဦးက ' ' ဒဏ်ရာရသူတော့မပါဘူး ။ သေဆုံးသူတယောက်တော့ရောက်လာတယ်။ သူက ပွဲချင်းပြီးပေါ့နော်။ လောလောဆယ်တော့ သေနတ် ဒဏ်ရာလို့ တော့ အကြမ်းဖျင်းပြောနိုင်တယ်။ ဒါပေမယ့် ဘာကြောင့် ဆိုတာ သေချာအောင် ထုံးစံအတိုင်း ရင်ခွဲစစ်ဆေး ရဦးမှာပေါ့။ ဒီမှာက မရှိတော့ အင်းစိန်ဆေးရုံကို ပို့ပြီး စစ်ပြီးသွားမှ ဘာကြောင့် သေတယ် ဆိုတဲ့ နောက်ဆုံး မှတ်ချက်ကို ပေးနိုင်မှာပေါ့'' လို့ ဘီဘီစီကို ပြော ပါတယ်။

ထွက်ပြေးသွားကြတဲ့ လူသတ် တရားခံ ၄ ဦး ကို တွံတေး မြို့မှာ ဖမ်းဆီး ရမိခဲ့ပြီး ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲမှူး မိုးကျော်ကျော် က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

သေဆုံး ခဲ့သူ ဟာ ခင်မောင်လွင် (ခေါ်) ဝါးကြီး ဆိုသူ ဖြစ်ပြီး သေနတ် ဒဏ်ရာ နှစ်ချက် နဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံး ခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောကြားပါတယ်။

ခင်မောင်လွင် (ခေါ်) ဝါးကြီး နေထိုင် တဲ့ အိမ်မှာ နေထိုင်သူ တချို့ကို ဖမ်းဆီး သွားတယ် ဆိုတဲ့ သတင်းတွေကတော့ မမှန်ဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာတော့ သတ်ဖြတ်မှုတွေ လုပ်ခဲ့သူဟာ ဘယ်သူ ဘယ်ဝါ တွေ ဖြစ်သလဲ ဆိုတာရယ်၊ ဘယ်အဖွဲ့အစည်း ကလဲ ဆိုတာ တွေကိုတော့ စုံစမ်း စစ်ဆေးဆဲ ဖြစ်လို့ ထုတ်ဖော် မပြော နိုင်သေးဘူးလို့ ပြောပါတယ်။

ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ မြို့လယ်ခေါင် လူစည်ကားရာ နေရာတွေမှာပါ လူအုပ်စုနဲ့ ရန်ပြုသတ်ဖြတ်တာတွေ ဖြစ်ပွားလာတဲ့အတွက် အများပြည်သူအကြား စိုးရိမ်ပူပန်တာတွေ လည်းရှိ လာနေပါတယ်။

ဆက်စပ် အကြောင်းအရာများ