ရခိုင်ကိစ္စကြောင့် ခရီးသွားတွေ အလာနည်းသလား၊ ဟိုတယ်ခရီးဝန်ကြီးနဲ့ မေးမြန်းခန်း

မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းလာနေတယ်လို့ ပြောဆို နေပါတယ်။

ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်တာ ဘယ်လောက် လျော့နည်းသွားပါသလဲ၊ ပြန်လည်မြှင့်တင်ဖို့ ဘာတွေဆောင်ရွက်ဖို့ လိုနေပါသလဲ။ ဒါတွေနဲ့ပတ်သက်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ခရီးသွားလောကသားအချို့တွေ့ ပြောကြပါတယ်၊ဧည်သည်တွေ မလာလို့ဟိုတယ်တွေပိတ်တာ နားတာတို့ ဝန်ထမ်းလျော့တာတို့ ပြောကြပါတယ်ခင်ဗျ။

နိုင်ငံခြားသားကိုပဲ အားကိုးပြီးတော့မှ ဖွင့်ထားတဲ့ ဟိုတယ်တွေ ဆိုရင်တော့ ဧည်သည် ဝင်ရောက်မှု နည်းပါးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗမာပြည်မှာ လူလတ်တန်းစား ခရီးသွားဧည့်သည်တွေဟာလည်း အများကြီး ရှိနေပါတယ် ခင်ဗျ။ အဲတော့ ကျွန်တော့် အနေနဲ့ကတော့ ကျဆင်းသွားတယ်လို့ မမှတ်ယူပါဘူး။

ဓာတ်ပုံ မူပိုင် MUNIR UZ ZAMAN
Image caption ရခိုင်ပဋိပက္ခကြောင့် လူသိန်းချီ နိုင်ငံစွန့်ပြေးခဲ့ရ

မေး။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တော်တော် ထိခိုက်တယ်ဆိုပြီးအစိုးရကိုယ်တိုင်ပြောထားတာရှိပါတယ်။ ခရီးသွားလုပ်ငန်းကိုထိခိုက်တယ်လို့လည်း ပြောကြတယ်။ ခရီးသွားလုပ်ငန်းနဲ့ရခိုင်ပြည်နယ်အရေးက ဘယ်လိုဆက်စပ်နေတယ်လို့ထင်လဲခင်ဗျ။

အနောက်တိုင်းနဲ့ ဥရောပသားတွေအတွက်တော့ မှန်ကောင်းမှန်မှာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ အရှေ့ တိုင်းအနေနဲ့ ကြည့်ရင်တော့ အာရှနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတွေက ကျဆင်းသွားမှုမရှိပါဘူး ။ မြန်မာနိုင်ငံကို လာလည်တဲ့ ဧည့်သည်တွေထဲမှာ အာရှနိုင်ငံသားတွေက ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဥရောပနိုင်ငံသားတွေ က ၃၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ခရီးသွား ဧည့်သည်တွေရဲ့ ခရီးစဉ် လှည့်လည်တဲ့နေရာတွေ၊ ဥပမာ ပုဂံ၊ မန္တလေး၊ အင်းလေး ၊ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေဟာဆိုရင် ရခိုင်ပြည်နယ်က ပြဿနာ ဖြစ်တဲ့နေရာတွေနဲ့အဝေးကြီးပါပဲ။ အဝေးကြီးဆိုတော့ သက်ရောက်မှုမရှိပါဘူးခင်ဗျ။ ဧည့်သည်တွေက လာမြဲလာနေပါတယ်။

ဓာတ်ပုံ မူပိုင် EyesWideOpen
Image caption ဥရောပဈေးကွက်တွေကို သွားဖို့စီစဉ်

မေး။အချို့ဥရောပ ခရီးသွားကုမ္ပဏီတွေဆိုရင်သူတို့ရဲ့ ခရီးစဉ် တွေမှာ မြန်မာနိုင်ငံကိုထည့်မရောင်းတာတွေရှိလာတယ်ပေါ့။ ဒီပြနာကိုဘယ်လိုဖြေရှင်းဖို့ပြင်ဆင်ထား လဲခင်ဗျ

ဥရောပဈေးကွက်ကို ပြန်လည်ပြီးတော့ ဦးမော့လာအောင် ကျွန်တော်တို့မှာ ဥရောပဈေးကွက်ကို ထိုးဖောက်မယ့် ကော်မတီတရပ် ဖွဲ့ထားတာရှိပါတယ်။ အဲဒီကော်မတီက ဥရောပဈေးကွက်တွေကို သွားဖို့အစီအစဉ်တွေ ရှိနေပါတယ်၊ လုပ်နေပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့အတွက်က ဥရောပဈေးကွက်က နှစ်ကုန်မှာတော့ သိပ်ပြီးကွာခြားမှုရှိမယ်လို့ မထင်ပါဘူးခင်ဗျ။

မေး။မကြာခင်မှာ ပွင့်လင်းရာသီရောက်လို့ ခရီးသွားရာသီ စပါတော့မယ်၊ အဲဒီအချိန်မှာ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု လျော့မသွားနိုင်ဘူးလို့ ဝန်ကြီးအနေနဲ့ပြောနိုင်လား။

ပြောနိုင်ပါတယ် မလျော့နိုင်ပါဘူး ခင်ဗျာ။ တရုတ်ခရီးသည်တွေ လာမယ်၊ ဂျပန် ခရီးသည်တွေလည်း တိုးလာမယ်၊ ကိုရီးယားကလည်း စျေးကွက်စပြီးတော့ ဖောက်နေပါပြီ။

Image caption ဟိုတယ်လုပ်ငန်းရှင်ဘဝကနေ ဟိုတယ်ခရီးဝန်ကြီးဖြစ်သွားတဲ့ ဦးအုန်းမောင်

မေး။အာရှနိုင်ငံသားကမ္ဘာလှည့်ခရီးသွားတွေရဲ့အခန်းကဏ္ဍကကော သူတို့အလားအလာက ဆက်ကောင်းနိုင်လား ခင်ဗျ

သူတို့အလားအလာက ဆက်ကောင်းမှာပါ။ ဆက်ကောင်းမှာကို ကျွန်တော်တို့က စိုးရိမ်နေရတယ်။ ဧည့်လမ်းညွန် မလောက်မှာတို့၊ ကား မလောက်မှာတို့၊ အိပ်ခန်း မလောက်မှာတို့ ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ အခုဆိုလို့ ရှိရင် တရုတ်ပြည်မကြီးက လာမယ့် ဧည့်သည်တွေဟာ တပတ်မှာ အနည်းဆုံး စီးလုံးငှား လေယာဉ် ၁၅ စီးလောက်နဲ့ဝင်ဖို့ အကြောင်းရှိပါတယ်ခင်ဗျ။ အဲဒါကြောင့်မို့ ခရီးသည်တွေထားဖို့နေရာ ၊ ခရီးသည်တွေစီးဖို့ကား၊ ခရီးသည်တွေစားဖို့ စားသောက်ဆိုင်တွေ၊ အဲဒါတွေကအစ ကျွန်တော်တို့ပြင်ဆင်ဖို့ အများကြီးလိုပါတယ်။ ထို့အတူပဲ တရုတ်စကားပြန်တွေ အများကြီး မွေးထုတ်ဖို့ လိုပါသေးတယ် ခင်ဗျာ။

မေး။အာရှသားတွေ မြန်မာပြည်ကိုလည်တဲ့အခါ တရုတ်လူမျိုးတွေထိုင်းလူမျိုးတွေက သူတို့ဧည့်လမ်းညွန်တွေပဲ သူတို့သုံးကြတယ် သူတို့ကားတွေသူတို့စားသောက်ဆိုင်တွေပဲသုံးကြတယ်ပေါ့ မြန်မာနိုင်ငံသားတွေအတွက် သိပ်အကျိုးမရှိဘူးလို့ဆိုပြီးပြောဆိုတာတွေရှိပါတယ် အဲဒါတွေနဲ့ပတ်သက်လို့ကောဝန်ကြီးအနေနဲ့ဘယ်လိုဖြေရှင်းဖို့စဉ်းစားထားလဲ

ဟုတ်ပါတယ်၊ တရုတ်နဲ့ ကိုရီးယားတွေ ပေါ့ဗျာ။ အထူးသဖြင့် တရုတ်နဲ့ ကိုရီးယားက ဒီကိစ္စမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လို့ ဧည့်လမ်းညွန်မပါပဲနဲ့ ခရီးစဉ်တခုကို မစီစဉ်ရဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ ပညတ်ချက်က ရှိတဲ့အတွက် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွန်တွေကို ကားပေါ်မှာ ခေါ်ထိုင်ပြီးတော့မှ နေ့တွက်လုပ်အားခ ပေးပြီးတော့မှ သွားလာနေတာတွေ ရှိပါတယ်။ ဒါကလည်း ကျွန်တော်တို့ဘက်က အားနည်းချက်ပါ။ ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့အတွက် အရင်တုန်းက ကျွန်တော်တို့ရဲ့ သတ်မှတ်ချက်က ၁၀ တန်းအောင်မှ ၊ ဘွဲ့ရမှ ဧည့်လမ်းညွန်သင်တန်းကို တက်ခွင့်ပေးတာကိုး။ အဲဒါကိုကျွန်တော်တို့က ၁၀ တန်းမအောင်ရင်နေပါစေ၊ သင်တန်းတက်ခိုင်းပြီး လိုင်စင်ထုတ် ပေးပြီးတော့မှ လုပ်ငန်းကိုလုပ်စေမှာပါ။ အဲဒီနည်းနဲ့ဒီကိစ္စဟာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အာရှခရီးသွားတွေ အလာများတဲ့ ရွှေတိဂုံ

မေး။အင်းလေးဒေသမှာ ဦးသန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေနဲ့ဆက်စပ်တဲ့ မြန်မာနိုင်ဂရုကုမ္ပဏီက တပ်မတော်အစိုးရလက်ထက်က ဟိုတယ်ဆောက်ဖို့ဆိုပြီးတော့ မြေလွတ်မြေရိုင်းဧက ၉၀ ကို ရယူထားတယ်အစိုးရကလည်း ခွင့်ပြုထားတယ်။ အဲဒီကိစ္စကိုဒေသခံတွေက ကန့်ကွက်ထားပါတယ်။ တကယ်လို့အဲဒီကုမ္ပဏီက အင်းလေးဒေသမှာ ဟိုတယ်ဆောက်ဖို့တင်ပြလာရင် ဝန်ကြီးအနေနဲ့ဘယ်လို စဉ်းစားမှာလဲ

အဲဒီကုမ္ပဏီက ကျွန်တော်တို့ဆီမှာ ဟိုတယ်ဆောက်ခွင့် တင်ပြထားခြင်းမရှိပါဘူး။ နောက်တချက်က ကျွန်တော်တို့ ဒီလ ၁၇ ရက်မှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဥပဒေအသစ် ထွက်ပါပြီ ခင်ဗျာ။ အဲဒီဥပဒေ အသစ်ထဲမှာ ခရီးသွား လုပ်ငန်းနဲ့ ဆိုင်တဲ့ လိုင်စင်အမျိုးမျိုး ဆောက်လုပ်မိန့်အမျိုးမျိုးတွေဟာ တိုင်းနဲ့ပြည်နယ်က အစိုးရတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။