တနင်္သာရီဂျာနယ်အယ်ဒီတာကို စွဲချက်တင်အမိန့်ချ

ဓာတ်ပုံ မူပိုင် ဓာတ်ပုံ မူပိုင်DAWEI WATCH
Image caption တရားစွဲခံရတဲ့ ဆောင်းပါးရဲ့ သရုပ်ဖော်

တနင်္သာရီ ဂျာနယ်မှာ မဲဆွယ်အပြုံးနာမည်နဲ့ သရော်စာ ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ စွဲချက်တင်ဖို့ အမိန့်ချလိုက်ပါတယ်။

အခုလို စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ ရှေ့ဆက်ရင်ဆိုင်မယ့်ဟာကို ရှေ့နေတွေနဲ့ ထပ်တိုင်ပင်ရဦးမယ်။ လက်ရှိမှာတော့ ကျနော်တို့ပြန်ခေါ်သက်သေစစ်မယ်၊ အရင်ထွက်ဆိုခဲ့တဲ့ တရားလိုပြ သက်သေ နှစ်ယောက်ကို ပြန်ခေါ် သက်သေအဖြစ် ပြန်စစ်ဖို့ ရုံးတော်ကို လျှောက်ထားတယ် လို့ တနင်္သာရီဂျာနယ်ရဲ့ တာ၀န်ခံအယ်ဒီတာ ကိုမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

တနင်္သာရီ ဂျာနယ်ဘက် တရားလိုပြသက်သေတွေ ဖြစ်တဲ့ ဒေါ်အေးအေးမိုးနဲ့ ဦးအောင်ကျော်စိုးကို ပြန်ခေါ်သက်သေ အဖြစ်စစ်ဆေးဖို့ လျှောက်ထားခဲ့ပါတယ်။

ဒါကြောင့် လာမယ့် အောက်တိုဘာ ၁၅ ရက် ရုံးချိန်းမှာ ပြန်ခေါ် သက်သေ အဖြစ် တရားလိုပြ သက်သေ တဦးကို ပြန်စစ်ဆေးမှာဖြစ်ပါတယ်။

အခု တရားစွဲဆိုထားတဲ့ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဟာ ပုဒ်မ ၉ ကိုရည်ညွန်းပြီး အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်တဲ့ သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေတဲ့ အရေးအသားနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းလို့ ပြဌာန်းထားပါတယ်။

ပြစ်ဒဏ်ကျခံရပါက ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရတာဟာ မီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားဖြစ်ပြီး မီဒီယာရဲ့ သဘောသဘာ၀ ကျင့်ဝတ်၊ စံနှုန်း၊ သရော်စာရဲ့ သဘောသာဘာ၀၊ ရသစာပေရဲ့ သဘောသဘာ၀ အဲဒါတွေကို နားလည်မှု အားနည်း တာကြောင့် တရားစွဲတာဖြစ်တယ်လို့ တနင်္သာရီဂျာနယ်ရဲ့ တာ၀န်ခံအယ်ဒီတာ ကိုမျိုးအောင်က ဘီဘီစီကို ပြောခဲ့ပါတယ်။