မြန်မာနိုင်ငံကို စီးပွားရေးဒဏ်ခတ်ဖို့ အီးယူစဉ်းစားနေ

အထည်ချုပ် လုပ်ငန်းခွင်တခု ဓာတ်ပုံ မူပိုင် Getty Images
Image caption အထည်ချုပ် လုပ်ငန်းခွင်တခု

ရိုဟင်ဂျာပဋိပက္ခနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ ဥရောပ သမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံတွေက စဉ်းစားနေကြပါတယ်။

ဒီလိုအရေးယူ ပိတ်ဆို့ခဲ့ရင် အီးယူနဲ့ အများဆုံး ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေက ထောင်သောင်းချီတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်လာလိမ့်မယ်လို့ ဥရောပသမဂ္ဂရဲ့ အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

မြန်မာနိုင်ငံကို အခုလို အရေးယူဖို့ စဉ်းစားရာမှာ အီးယူကော်မရှင် အဖွဲ့ထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

တချို့ကတော့ အရေးယူမှုကို မြန်မြန်ဆန်ဆန်အရေးယူချင်ပေမဲ့ တချို့ကတော့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ဖို့ ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အထည်ချုပ် လုပ်ငန်းခွင်တခု

ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် အထူးသဖြင့် ပြည်သူတွေ ထိခိုက်မှာကို စိုးရိမ်မှုတွေရှိပေမယ့် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေကိုလည်း လျစ်လျုရှုလို့ မရဘူးလို့ အီးယူကော်မရှင်က ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုကို လုပ်၊ မလုပ်သုံးသပ်စဉ်းစားနေစဉ်မှာ မြန်မာနိုင်ငံအနေနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုနဲ့ ဒီမိုကရေစီ ရည်မှန်းချက်ကို ပြည့်မီအောင် လုပ်ဆောင်လာနိုင်မယ်ဆိုရင်တော့ အီးယူအနေနဲ့ ပေါ်လစီချမှတ်ရာမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်း ဆက်သွယ်လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်ငန်းမှာတော့ ပိတ်ဆို့အရေးယူမှုတွေ ရှိလာရင် စစ်အစိုးရ လက်ထက်က အမေရိကန် စီးပွားရေး ပိတ်ဆို့တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

"အထည်ချုပ်တွေက အီးယူကို ပို့နေတာ ၇၅ ရာခိုင်နှုန်း၊ အလုပ်သမားက ၅ သိန်းခွဲ ရှိတယ်။ ပို့တာတွေ ရပ်သွားရင် အလုပ်သမား ၃ သိန်း ကျော် အလုပ်လက်မဲ့ဖြစ်မယ်" လို့ ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် မစ္စတာ Kristian Schmidt ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သတ်ပြီး အပြစ်ရှိတယ်လို့ ယူဆရသူတွေကို တဦးချင်းစီ ပစ်မှတ်ထားပြီး ခရီးသွားလာခွင့် ပိတ်ပင်တာမျိုး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာမျိုးတွေ လုပ်ဆောင်မယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အီးယူဟာ မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာ ယူရိုငွေသန်း ၂၂၀ ကို ထောက်ပံ့နေတယ်လို့ အီးယူသံအမတ် က ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ