ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နဲ့ အပစ်ရပ်ထိပ်သီးခေါင်းဆောင်တွေ တွေ့မယ်

Image caption တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ၂နှစ်ပြည့် အခမ်းအနား

လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ မြန်မာ့ နိုင်ငံရေးမှာ အဆုံးအဖြတ်ပေးနိုင်သူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ အတူတကွ တွေ့ဆုံဆွေးနွေး သွားကြဖို့ရှိတယ်လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဘီဘီစီကိုပြောပါတယ်။

အောက်တိုဘာ ၁၅ရက်ဟာ NCA ( တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ် ရေးထိုးခဲ့တဲ့ ၃နှစ်ပြည့်ဖြစ်ပါတယ်။ NCA သုံးနှစ်ပြည့်အခမ်းအနားအပြီးမှာ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့အတူ အဆုံးအဖြတ်ပေးနိုင်သူတွေ ဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုပါ အတူတကွတွေ့ဆုံဆွေးနွေးနိုင်ဖို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက တောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

' ' ဒါက ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင် ထိပ်သီးနိုင်ငံရေးဆွေးနွေးပွဲရဲ့ ပထမဆုံးအကြိမ်လို့ပြောလို့ရပါတယ်။ အလွတ်သဘောတွေ့ဆုံပွဲဆိုပေမယ့် အဲဒီပွဲမှာ ဒီနေ့ဖြစ်စဉ်တွေအကြောင်းအားလုံးပြောဖြစ်ကြမယ် ထင်တယ် ။ အထူးအားဖြင့် တန့်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုပြီးထိရောက်အောင်မြင်အောင် အကောင် အထည်ဖော်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဆိုင်ရာ အခြေခံမူတွေ လမ်းညွှန်ချမှတ်နိုင်မယ် လို့ မျှော်လင့်ထားတယ်။ နိုင်ငံရေး ကဏ္ဍကို ဆွေးနွေးတဲ့ အခါမှာလည်း တစ်ဆို့နေတဲ့ ခွဲမထွက်ရေးနဲ့ ပတ်သက် တဲ့ သဘောထားကို ကျေကျေလည်လည်ဆွေးနွေးနိုင်မယ်။ တခုတည်းသောတပ်မတော် ဆိုတဲ့ အပေါ်လည်းနှစ်ဖက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မယ်။ ငြိမ်းချမ်းရေးအတွက် အားလုံး ပါဝင်ရေးမူ အတိုင်း လက်မှတ်မထိုးသေးတဲ့ ညီနောင်တွေပါဝင်လာဖို့ကို လမ်းဖွင့် ဆွေးနွေးနိုင်မယ်လို့ထင်တယ်။'' လို့ အောက်တို ဘာ ၁၅ရက်နေ့မှာပြုလုပ်သွားမဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ ဆွေးနွေးဖွယ်ရှိတဲ့အကြောင်းအရာတွေနဲ့ ဖြစ်ပေါ်လာ နိုင်ခြေတွေအပေါ် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကပြောပါတယ်။

Image caption NCA နှစ်ပတ်လည်မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကေအန်ယူဥက္ကဌ

အပစ်ရပ်လက်မှတ်ရေးထိုးထားခဲ့တဲ့ ပြီးခဲ့တဲ့ ၃နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးတာ တွေလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။

' ' အရင်ကလည်း အလွတ်သဘောတွေ့ဆုံတာတွေအကြိမ်ကြိမ်ရှိခဲ့တယ်ဆိုပေမယ့် အဆုံးအဖြတ်ပေးနိုင်သူတွေမပါဘူး။ တွေ့တယ် ဆွေးနွေးကြတယ် ပြီးရင် သက်ဆိုင်ရာကိုယ်စားလှယ်တွေက ကိုယ့်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို ပြန်ပြောပြတယ်။ အခုကတော့ ဆုံးဖြတ်ချက်ချမှတ်နိုင်သူတွေကြား အလွတ်သဘောတွေ့ဆုံကြမှာဖြစ်တဲ့အတွက် တွေ့ဆုံကြမယ်၊ ဆွေးနွေးကြမယ် ပြီးရင်ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်။'' လို့ လည်း လာမယ့်တွေ့ဆုံပွဲကနေ အဆုံးအဖြတ်တွေရလာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ခွန်မြင့်ထွန်းကပြောပါတယ်။

အစိုးရ၊တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေတက်မယ့် အဆိုပါတွေ့ဆုံပွဲ ကို ပုပ္ပါးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကို အပစ်ရပ်လက်နက်ကိုင် အဖွဲ့အားလုံးတက်ရောက်ဖွယ် ရှိပါတယ်။