ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမဲ့ရက်ကို ပြန်ညှိနှိုင်းဖို့အပါအဝင် အချက် ၅ ချက် ကေအန်ယူ တောင်းဆို

Image caption NCA၂နှစ်ပြည့် အခမ်းအနားမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူဥက္ကဌ

လာမယ့် အောက်တိုဘာ ၁၅ရက်နေ့မှာ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက ထိပ်သီးခေါင်းဆောင် တွေ တွေ့ဆုံ ဆွေးနွေးသွားမယ့် ပွဲကို ရက်ပြန်လည် ညှိနှိုင်းဖို့အပါအဝင် အချက် ၅ချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ )က အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါ တယ်။

အဆိုပါတောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ ) ရဲ့ ၅ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီရဲ့ အရေးပေါ် အစည်းအဝေးကို ၂ ရက်ကြာ ပြုလုပ် အပြီးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကေအဲန်ယူဟာ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် ကတည်းက လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တခု ဖြစ်ပြီး လာမယ့် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ရလဒ် ကောင်းတွေရဖို့ပြင်ဆင်မှုတွေပိုမို ပြုလုပ်ဖို့ လိုအပ် နေသေးတဲ့ အတွက် နှစ်ဘက်တွေ့ဆုံ ဆွေးနွေး နိုင်မယ့် နေ့ရက်ကို ပြန်လည် ညှိနှိုင်းမှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တစ်ဆို့ နေတာတွေဟာ တခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုတဲ့ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးနဲ့ စပ်လျဉ်းတဲ့ ကိစ္စတွေ အပြင် NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) အပေါ် မတူညီတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့လက်ရှိသဘောတူ ထားတဲ့ ယန္တရားတွေရဲ့ အဓိက အားနည်းချက်တွေကို ဖော်ထုတ် ကာပြင်ဆင်နိုင်ရေးမှုတွေ ချမှတ်ဖို့ ဆွေးနွေး ဖို့ အပါအဝင် အပစ်ရပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကို ပါလာနိုင်အောင် အခင်းအကျင်းတွေ ဖန်တီးပေးနိုင်ဖို့ စတဲ့အချက်တွေကို သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိပ်သီးခေါင်းဆောင်တွေတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပေမယ့် အဆုံးအဖြတ် ပေးနိုင်သူ အားလုံး ပါဝင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတစ်ဆို့နေတဲ့ အဓိက ကိစ္စရပ်တွေ ဖြစ်တဲ့ တခုတည်းသော တပ်မတော်ဆိုတဲ့ အချက်အပါအဝင် အဓိကအချက်အတော်များများကို အဆိုပါပွဲမှာ တွေ့ဆုံဆွေးနွေးပြီး အဆုံးအဖြတ်တွေရဖို့ မျှော်လင့်ထားတယ် လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ NCA (တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ် ရေးထိုး တဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး နှစ်ပတ်လည် အခမ်းအနား အပြီး ပုပ္ပါးမြို့မှာ ထိပ်သီး ခေါင်းဆောင် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့တပ်မတော် က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အစိုးရ အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၅ ရက်နေ့မှာ အတည်ပြုပြောဆိုထားပါတယ်။