ဆုတွေ မမက်မောသလို၊ ရခိုင်အရေး ချက်ချင်း ဖြေရှင်းမရ၊ ဂျပန်ကူညီဖို့မျှော်လင့်

ဓာတ်ပုံ မူပိုင် MYANMAR STATE COUNSELLOR OFFICE
Image caption ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်ကိုပါ ထည့်တွက် ရမှာ ဖြစ်တယ်

မဲခေါင် ဂျပန် ထိပ်သီး အစည်အဝေး အတွက် ဂျပန်နိုင်ငံ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂျန်ပန်နိုင်ငံ NHK သတင်း ဌာနနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ နိုင်ငံတကာ ကသူ့ကို ပေးအပ် ထားတဲ့ ဆုတံဆိပ် ကိစ္စ အပြင် ရခိုင်အရေး ခက်ခဲ နက်နဲတဲ့ အခြေအနေ တွေကို ထုတ်ဖေါ် ပြောဆိုသွား ပါတယ်။

ပထမဆုံးအနေနဲ့ သတင်းထောက်က ရခိုင်အရေးမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေ ရှိမရှိ စုံစမ်း စစ်ဆေးဖို့ မြန်မာ အစိုးရ ကနေ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းထားတဲ့ ကိစ္စ၊ အခုလို အချိန်ကိုက် ဘာကြောင့် ဖွဲ့ရ သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က - ဒါကို အချိန်ကိုက်လို့ မထင်ကြောင်း ပြောကြားခဲ့ပြီး၊ ဒါက လုပ်ငန်းစဉ် တခုလို့သာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မြန်မာ အစိုးရ အကြား စေ့စပ်ညှိနှိုင်း တာတွေ ရှိနေတယ်၊ ဒေါက်တာ ကိုဖီအာနန် အကြံပြုချက် တွေ အတိုင်း MoU သဘောတူညီချက်တွေ ရှိတယ် ဆိုတာကို လူတွေ သတိမထား မိကြသေးဖူးလို့ ပြောပါတယ်။

နောက်ပြီး မြန်မာအစိုးရက ဖွဲ့ထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ အကြံပြုချက်တွေကို အထူးကို အလေးထား ဆောင်ရွက်မှာ ဖြစ်တယ်၊ ဒီအဖွဲ့ အနေနဲ့ ကလည်း တန်ဖိုးရှိတဲ့ အမြင်တွေ ပေးစွမ်း နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း ကတော့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး၊ အချက်အလက် ရှာဖွေရေး စတဲ့ အဖွဲ့တွေကို မြန်မာ နိုင်ငံကို လာခွင့် ပြုဖို့ တောင်းဆိုချက်တွေ ရှိခဲ့ပေမယ့် မြန်မာ အစိုးရ ကတော့ ဒါကို ပယ်ချခဲ့တာ ဖြစ်ပါ တယ်။

ဒီအတွက် မြန်မာ အစိုးရဟာ နိုင်ငံတကာ ကလေးစားသူ ပြည်ပက ၂ ဦး ပြည်တွင်းက ပညာရှင် ၂ ဦး ဦးစီးပြီး စုံစမ်းစစ် ဆေးရေး အဖွဲ့ကို ကိုယ့်ဘာသာ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ တွေ့ရှိချက် သဘောထား အမြင်တွေ ထွက်လာ ခဲ့ရင် ဘယ်လောက် အထိ နိုင်ငံ တကာ အသိုင်း အဝိုင်းက လက်ခံ နိုင်မလဲ ဆိုတာ ကတော့ မေးစရာပါ။

ဓာတ်ပုံ မူပိုင် MYANMAR STATE COUNSELLOR OFFICE
Image caption ဆုတံဆိပ် ဆိုတာကတော့ ပေါ်လိုက်ပျောက်လိုက် သဘောမျိုး ပါ

နောက်ပြီး ရခိုင်အရေးနဲ့ ပတ်သက်ပြီး၊ ဖြေရှင်းဖို့ ကြိုးစား ဆောင်ရွက်တဲ့ နေရာမှာ အချိန်တွေ ကြာလာနေပြီ ဖြစ်ပြီး၊ အချိန် အတိုင်း အတာ သတ်မှတ်ချက် မရှိတာ ဒါတွေက မြန်မာ အစိုးရအတွက် ကြီးမားတဲ့ အခက်အခဲ တွေ ရှိနေလို့လား။

ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အလျင်အမြန် ဖြေရှင်းလို့ မရဘူးလို့ ပြောပါတယ်။

နောက်ပြီး ''ရခိုင်ပြည်နယ် တခုတည်းမှာတင် အခြေအနေ တွေက ဘာတွေ ဖြစ်နေတယ် ဆိုတာ လူအများအပြား သိတောင် မသိကြပါဘူး။ မြန်မာပြည် တခုလုံးကို သိဖို့ နေနေ သာသာ။ ဒါပေမယ့် ဒီကနေ့ ခေတ်မှာက အမြဲ လိုလို အလျင်အမြန် ဖြေရှင်း ပြီး ကျေနပ်နိုင်ဖို့ ဆောင်ရွက်ကြပါတယ်။ ကျမတို့ ကတော့ အဲလို လုပ်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်ကိုပါ ထည့်တွက် ရမှာ ဖြစ်တယ် '' လို့ ပြောကြားသွား ပါတယ်။

ဒါပေမယ့်လည်း အခုလောလောဆယ် မှာတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို ဝေဖန်ဖို့ ပျက်ကွက်တယ်. လူ့အခွင့်အရေး ရှုထောင့်ကနေ ဘာမှ မပြောဆိုပဲ နှုတ်ဆိတ် နေတယ်ဆိုပြီး၊ နိုင်ငံတကာက သူ့ကို အပြစ်တင် နေကြ တာပါ။

ဒီအတွက် သူ့ကို ပေးအပ် ထားတဲ့ နိုင်ငံ တကာ က ဆုတွေကိုလည်း ပြန်လည် ရုပ်သိမ်းပြီး ဖိအားပေးနေခဲ့တာပါ။

အဲဒီလို ဆုတွေ ပြန်ရုပ်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ဒီဆုတွေကို မမက်မောဘူးလို့ ပြောပါတယ်။ ရေရှည် မိတ်ဆွေတွေ မဖြစ်ရတာ အတွက် စိတ်မကောင်းကြောင်း မိတ်ဆွေ ဆိုတာ နားလည် ပေးရတာ ဖြစ်ကြောင်းနဲ့ သူများကို သွားပြီး၊ ဆုံးဖြတ်ချက် ပေးရတာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ဆုတံဆိပ် ဆိုတာကတော့ ပေါ်လိုက်ပျောက်လိုက် သဘောမျိုး ပါလို့ ပြောသွားပါတယ်။

တခါ ရိုက်တာ သတင်းထောက် ၂ ယောက် နဲ့ ပတ်သက်ပြီး ဒါက တရားဥပဒေ ကိစ္စ အောက်မှာ သူတို့ တွေ ပြန်လည် ချေပခွင့် အယူခံ ခွင့် ရှိကြောင်း ပြောပါတယ်။

နောက်ဆုံး အနေနဲ့တော့ မြန်မာနဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်း အကြား နားလည်မှု လစ်ဟာ နေတာကို ရင်ကြားစေ့နိုင်ဖို့ ဂျပန် အနေနဲ့ ထောက်ခံ ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောကြားသွား ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ-ဂျပန် ပွဲတော်က ဖျော်ဖြေတင်ဆက်မှု

ဆက်စပ် အကြောင်းအရာများ