ရိုဟင်ဂျာ ပြဿနာ ကိုင်တွယ်မှု ပွင့်လင်းစေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှာပြော

ဓာတ်ပုံ မူပိုင် KIM KYUNG-HOON / POOL
Image caption လာအိုဝန်ကြီးချုပ်နဲ့ လက်ဆွဲနှုတ်ဆက်

မြန်မာ အစိုးရရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ကိုင်တွယ်ပုံတွေမှာ ပိုပြီး ပွင့်လင်းမှုတွေ ရှိလာစေရမယ် ဆိုပြီး နိုင်ငံခြားမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ မဲခေါင် ဂျပန် ထိပ်သီး အစည်အဝေးအကြို ဂျပန်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေး ရဖို့ ကြိုးစားရုန်းကန်နေရသလို ရခိုင်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့မှာလည်း စိန်ခေါ်တာတွေ ရှိနေတာကို ဝန်ခံဖို့ အသင့်ရှိတယ်လို့ ဂျပန် စီးပွားရေး သမားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်ယူဖို့ အတွက် ငြိမ်းချမ်းတည်ငြိမ်မှုတွေ ရှိဖို့လိုကြောင်း သူသိပါတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မြန်မာ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန်က ရုံးပတီခင်းကိုလေ့လာ

စီးပွားရေး အခွင့်အလမ်းတွေ ပိုမို ရရှိဖို့ အတွက် ငြိမ်းချမ်းရေး၊ ပြန်လည် ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး ဒီကိစ္စတွေ အားလုံး ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဒေါ်စုက ဆိုကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မိတ်ဆွေတွေ အပေါ် ပွင့်ပွင့်လင်းလင်း ဆက်ဆံလိုတယ်၊ စိုးရိမ်ပူပန်တာတွေ ရှိရင် ပွင့်ပွင့်လင်းလင်းပြောကြပါလို့လည်း သူက ဆိုပါတယ်။

အင်္ဂါနေ့မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒေါ်စု တွေ့ဖို့ ရှိပါတယ်။

မဲခေါင် ဂျပန် အစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone-France
Image caption ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာခေါင်းဆောင်များ စစ်အတွင်းက ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်

ဂျပန်ဟာ စစ်ပြီးခေတ် တလျှောက် မြန်မာနိုင်ငံကို တောက်လျှောက် ကူလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း စစ်ပညာ သင်ခဲ့တဲ့ နိုင်ငံ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ကူညီမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ရိုဟင်ဂျာ ကိစ္စ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ပြစ်တင်ဝေဖန်နေကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်စပ်ဖြတ်ကျော်ပြေးရတဲ့ ကလေးငယ်တစု