ဂျပန်က မြန်မာ့စီးပွားရေး အခြေအနေသစ်ကို ဖြစ်လာစေမလား

ဓာတ်ပုံ မူပိုင် AFP/ Getty
Image caption ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ မြန်မာမျှော်လင့်နေ

ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နိုင်ငံရေးအရ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်သဘောထားတွေ အပေါ် ပြောဆို ရှင်းပြနိုင်တဲ့အပြင် စီးပွားရေးအရလည်း အလားအလာ ကောင်းတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကုလသမဂ္ဂအထွေထွေ ညီလာခံ အပါအဝင် တခြား အနောက်နိုင်ငံ ခရီးစဉ်တွေကို မသွားဘဲ အာရှတွင်းခရီးစဉ်တွေကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်သွားတာဟာ နိုင်ငံခြားရေး မူဝါဒ အရ ပြောင်းလဲလာတဲ့ သဘောဖြစ်သလို စီးပွားရေးမှာလည်း အနောက်နိုင်ငံတွေထက် အာရှနိုင်ငံတွေကိုပဲ အားပြုလာတဲ့ သဘောဖြစ်တယ်လို့ စီးပွားရေး ပညာရှင် တချို့က ထောက်ပြပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သမိုင်းနဲ့ချီ ဆက်ဆံရေး ရှိနေတာကြောင့် ဒီခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံဟာ ဂျပန်က စီးပွားရေးအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေကို တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ရှင်းပြနိုင်ဖို့ သေချာ ပြင်ဆင်သွားခဲ့တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက သီလဝါအထူးစီးပွားဇုန်မှာ ဂျပန်ကုမ္ပဏီ အတော်များများ ၂၀၁၃ ခုနှစ်ကတည်းက လာရောက် ရင်းနှီးမြှုပ်နှံတာတွေ ရှိခဲ့သလို စီးပွားဇုန်ထဲက မြေယာပြဿနာတွေကိုလည်း ဂျပန် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း (JICA) က မြန်မာအစိုးရနဲ့ အတူ ဖြေရှင်းပေးနေတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံကို ဝင်တဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်နိုင်ငံနဲ့ မတူဘဲ ပိုပြီး တာဝန်ယူမှု ရှိလို့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံအတွက် အပြုသဘောပိုဆောင်တယ်လို့ စီးပွားရေး ပညာရှင် စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ဂျပန် ထိပ်သီးဆွေးနွေးပွဲ ကို အကာဆာက နိုင်ငံတော် ဧည့်ဆောင် မှာ ကျင်းပနေစဉ်

မြန်မာနိုင်ငံဟာ သယံဇာတ ထွက်တဲ့ နိုင်ငံဖြစ်ပေယ့် ဂျပန် အနေနဲ့ အဲဒီလုပ်ငန်းတွေအပေါ် စိတ်ဝင်စားပုံ မပေါ်ဘဲ မြန်မာကို ကူညီနေတဲ့ အကူအညီတွေက အစဉ်အလာ ချစ်ကြည်မှုနဲ့ ရင်းနှီးမှုကို အခြေခံတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလို့ မြင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာစိန်မင်း ကလည်း သုံးသပ်ပါတယ်။

အာဆီယံ- ဂျပန်စင်တာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရာမှာတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် နဲ့ ကုမ္ပဏီများဆိုင်ရာ ဥပဒေသစ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်ကောင်းမွန်တဲ့ ဥပဒေ တွေ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အဲဒီ အပြောင်းအလဲတွေ အပေါ် ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေက စိတ်ဝင်စားမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် စီးပွားရေးပညာရှင် ဒေါက်တာစိန်မင်းကတော့ အခု သွားရောက်တဲ့ ဂျပန်ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးအတွက် အထောက်အကူ ဖြစ်နိုင်ပေမယ့် ဂျပန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တာကြောင့် တကယ်တမ်း အနောက်နိုင်ငံကြီးတွေဆီက စီးပွားရေးအရ ဖိအားပေးလာမယ်ဆိုရင် နိုင်ငံတကာလမ်းကြောင်းနဲ့ သွေဖည်ဖို့ မဖြစ်နိုင်တာကြောင့် လက်ရှောင်မယ့် သဘောမျိုးလည်း ရှိနိုင်တယ်လို့ သူ့ အမြင်ကို ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့တာပါ။

ဂျပန်က ဦးဆောင်ပြီး မဲခေါင် မြစ်ဝှမ်းက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ ပါဝင်တဲ့ မဲခေါင်-ဂျပန် အစည်းအဝေးအပြီးမှာ ဂျပန်နဲ့ မဲခေါင် မြစ်ဝှမ်းနိုင်ငံတွေ ပိုမို ပူးပေါင်းဆောင်ရွက်ပြီး အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ ဒေသအဖြစ် မြှင့်တင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ သဘောတူခဲ့ပါတယ်။

အစည်းအဝေး အပြီးမှာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အတွက် လမ်းညွှန်ချက် အဖြစ် တိုကျို နည်းဗျူဟာ ၂၀၁၈ ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီမှာ သတင်းအချက်အလက် နည်းပညာ ကဏ္ဍကို အဓိက ထားပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး၊ မီးရထား၊ ကား လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်ရေး အတွက် နှိုးဆော် ထားပါတယ်။