စီးပွားရေး သုံးသပ်ချက် ဆောင်းပါးကြောင့် Eleven အယ်ဒီတာတွေ ဖမ်းခံရ

တရားစွဲခံရတဲ့ ဆောင်းပါး ရေးသားသူ ကိုဖြိုးဝေဝင်း ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရားစွဲခံရတဲ့ ဆောင်းပါး ရေးသားသူ ကိုဖြိုးဝေဝင်း

အောက်တိုဘာလ ၉ ရက်ညက ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ Eleven Media သတင်းစာတိုက်က အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တယောက်တို့ကို အောက်တိုဘာ ၁၀ ရက်မှာ အင်းစိန်ထောင်ကို ခေါ်ဆောင် ဖမ်းဆီး သွားတယ်လို့ သူတို့ရဲ့ ရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

Eleven Media က အောက်တိုဘာလ ၈ ရက် ရက်စွဲနဲ့ ထုတ်ဝေခဲ့တဲ့ Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ပါဝင်တဲ့ ကလောင် အမည် ဖြိုးဝေရဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဆောင်းပါးကို အဓိက ကိုးကားပြီးတော့ တရားစွဲတာ ဖြစ်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလို လုပ်ပြီး တရားစွဲဆိုတာ ဖြစ်ပါတယ်။

"မမှန်တာ မရေးခဲ့လို့ ဥပဒေအတိုင်းပဲ ဖြစ်သွားမှာပါ" လို့ ဆောင်းပါး ရေးသားခဲ့သူ ကိုဖြိုးဝေဝင်း (ကလောင် အမည် ဖြိုးဝေ) က တာမွေ ရဲစခန်းကို အစစ်ခံဖို့ လာတုန်းမှာ မီဒီယာကို ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Eleven သတင်းစာဆရာတွေ အမှု ဘယ်လို ရင်ဆိုင်မလဲ

Weekly Eleven အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုကျော်ဇောလင်း၊ ကိုနရီမင်း (ဒေါက်တာမင်းလွင်) နဲ့ အကြီးတန်း သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း တို့ကို အောက်တိုဘာလ ၉ ရက်ညက တာမွေရဲစခန်းမှာ အမှုဖွင့်ပြီး Eleven မီဒီယာ သတင်းစာတိုက်ကို တာမွေရဲစခန်းက လာရောက် အကြောင်းကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ အမှုဖွင့်ခံရသူတွေက ရဲစခန်းကိုသွားရောက် အစစ်ဆေးခံပြီးနောက်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆောင်းပါးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် တချို့ကို ထောက်ပြ ဝေဖန်ထား

အခု အဖမ်းခံထားရတဲ့ သတင်းသမားတွေကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဥပဒေ အကျိုးတော်ဆောင် အဖြစ် ဆောင်ရွက်မှာ ဖြစ်ပေမယ့် အခုလောလောဆယ်မှာတော့ အမှုကိုလိုက်ပါ ဆောင်ရွက်ခွင့် မရသေးဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။ လာမယ့် အောက်တိုဘာလ ၁၇ ရက် ရုံးချိန်းကျမှ အမှုကို ကိုယ်စားပြု ဆောင်ရွက်ခွင့် ရှေ့နေပါဝါ လျှောက်ထားမယ်လို့ အတွက် သူက ဆိုပါတယ်။

ပုဒ်မ ၅၀၅ (ခ) ရဲ့ ဥပဒေ ခြွင်းချက် တစ်ခု ဖြစ်တဲ့ မှန်ကန်တဲ့ အကြောင်းအရာ၊ သတင်းကို အခြေခံပြီးတော့ ရေးသား ဖော်ပြခဲ့တာမျိုးဆိုရင် ဒီပြစ်မှု မမြောက်ဘူး ဆိုတဲ့ အချက်ကို အခြေခံပြီး တရားရုံးမှာ ပြန်လည် ရင်ဆိုင် သွားမယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

"သတင်းသမားတွေ အရမ်းကြောက်သွားအောင် လုပ်နေတဲ့ လုပ်ရပ်ပဲ၊ အစိုးရ တခုရဲ့ အားနည်းချက်၊ ပြုပြင်ရမယ့် ကိစ္စတွေကို ထောက်ပြရမှာ သတင်းသမားရဲ့ တာဝန်ပဲ" လို့ အေပီ သတင်းထောက်ဟောင်း ဝါရင့် သတင်းစာဆရာမ တစ်ဦး ဖြစ်သူ ဒေါ်အေးအေးဝင်းက အခု အမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လ ၃ ရက် ကလည်း ရခိုင်ပြည်နယ်အရေး သတင်းရေးသားဖို့ အချက်အလက် စုဆောင်းခဲ့တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မီဒီယာ အမှောင်ခေတ် ပြန်ရောက်နေပြီလား မေးခွန်းထုတ်ကြသူတွေရှိ