ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ကမ္ဘာ့အဆင့်မီဖက်ရှင်

ရှီဘူရဇာနည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် Nori Edamatsu
Image caption ရှီဘူရဇာနည်နဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်ကိုအစွဲပြုပြီး Suu Kyi Silk လို့အမည်ပေး ထားတဲ့ နိုင်ငံတကာအဆင့်မီ ဖက်ရှင်ကုန်အမှတ်တံဆိပ်တခု မကြာခင် ထွက်လာတော့မှာပါ။

အဲဒီဖက်ရှင်ဒီဇိုင်းတွေကို မြန်မာနိုင်ငံ ကရင်ပြည်နယ်က ထွက်တဲ့ပိုးချည်နဲ့ ဖန်တီးပြုလုပ်ထားတယ်လို့ အဲဒီဖက်ရှင်ကို တီထွင်သူ မြန်မာပြည်ဖွား ဂျပန်ဒီဇိုင်နာ ရှီဘူရဇာနည် က ဘီဘီစီကို ပြောပါတယ်။

ကရင်ပြည်နယ်က ပိုးချည်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ တိုကျိုမြို့က မြန်မာ-ဂျပန်ဖက်ရှင်ဒီဇိုင်းပြခန်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၈ ရက်မှာ လာရောက်လည်ပတ်ခဲ့ပါတယ်။

စုကြည်ပိုးချည်လို့ နာမည်မှည့်တာကတော့ ဂျပန်ဘက်က တောင်းဆိုခဲ့တာပါ။ ကမ္ဘာကျော်အောင် ဘယ်လိုဒီဇိုင်းလုပ်ပြီး ဖန်တီးမလဲဆိုတာ ကျွန်တော်အတူ ပါဝင်လုပ်ဆောင်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီဆန္ဒက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒပါ။ သူကလည်း လက်ခံပြီးတော့ လက်မှတ်ထိုးပေးခဲ့ပါတယ်။ စုကြည်ပိုးချည်ဖက်ရှင်ကို ၂ဝ၁၉ ခုနှစ်မှာ တရားဝင် ထုတ်ပြန် ကြေညာမယ် လို့ ကိုဇာနည်က ပြောပါတယ်။

စုကြည်ပိုးချည် လို့ အမည်ပေးထားတဲ့ ကုန်အမှတ်တံဆိပ် ဟာ မြန်မာအစိုးရနဲ့ ဂျပန်ရိုးရာဝတ်စုံ ကီမိုနို ထုတ်လုပ်တဲ့ ကုမ္ပဏီတခုက ပူးပေါင်းဆောင်ရွက်တဲ့ ပိုးချည်အထည်ချုပ် စီမံကိန်းတခုဖြစ်ပြီး ဒီဇိုင်နာ ကိုဇာနည်က ဒီဇိုင်းဆွဲထုတ်လုပ်ဖို့ တာဝန်ယူထားတာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption သွားလေရာ မြန်မာဝတ်စုံကို ပွဲထုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်

အဲဒီစီမံကိန်းကို ၂ဝ၁၃ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့က အထည်ချုပ် အလုပ်သမ အမျိုးသမီးတွေက စက်ချုပ်အတတ်ပညာကို သင်ယူခွင့်ရခဲ့သလို အလုပ်အကိုင် အခွင့်အလမ်းလည်း ရရှိခဲ့တယ်လို့ ကိုဇာနည်က ပြောပါတယ်။

စုကြည်ပိုးချည်ကို မြန်မာပြည်သာမက နိုင်ငံတကာကိုလည်း တင်ပို့ရောင်း ချမယ်လို့ သူက ဆိုပါတယ်။

ဒီပိုးချည်ကို လာမယ့် နိုဝင်ဘာလ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ဖက်ရှင်ပြပွဲတခုမှာလည်း မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ ကိုဇာနည် က ပြောပါတယ်။