မြန်မာ မီဒီယာလွတ်လပ်ခွင့် နောက်ထပ် ထိုးနှက်ခံရပြီလား

ဓာတ်ပုံ မူပိုင် Reuters
Image caption Eleven Media သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း နဲ့ အယ်ဒီတာတွေကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆို

အောက်တိုဘာလ ၁၀ ရက် နေ့လယ်ခင်းအချိန်မှာ လက်ထိပ် ကိုယ်စီခတ် ခံထားရတဲ့ အမျိုးသား သုံးယောက် တာမွေ တရားရုံးကနေ ရဲ အစောင့်အရှောက်တချို့နဲ့ အတူ ထွက်လာတာကို ရုံးပေါက်ဝမှာ ကင်မရာတွေ မိုက်ကရိုဖုန်းတွေ ကိုင်ပြီး စောင့်နေကြတဲ့ သတင်းထောက်တွေ က တွေ့လိုက်ကြရပါတယ်။

သူတို့တွေက Weekly Eleven ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် ပါ။

သူတို့ သုံးယောက်ထဲက နောက်ဆုံးကနေ လိုက်လာတဲ့ စတစ်ကော်လာအင်္ကျီ အဖြူနဲ့ လူက သူတို့ထဲမှာ အသက်အငယ်ဆုံး ဖြစ်ပုံရပြီး ဒီအမှုမှာ တရားစွဲခံရတဲ့ ဆောင်းပါးရှင်လည်းဖြစ်၊ သတင်းထောက်ချုပ်လည်းဖြစ်တဲ့ ကိုဖြိုးဝေဝင်းပါ။

"ဘာမှ မဖြစ်ပါဘူး၊ ဥပဒေအတိုင်းပဲ ဖြစ်သွားမှာပါ၊ ကျနော် မမှန်တာတွေ ဘာမှ မရေးခဲ့သလို မှန်တာတွေပဲ ရေးခဲ့တာကိုး" လို့ ကိုဖြိုးဝေဝင်းက ရဲစခန်းမှာ အစစ်ဆေးလာခံစဉ် မီဒီယာတွေကို ပြောခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ဝေခဲ့တဲ့ Weekly eleven ဂျာနယ်ရဲ့ စာမျက်နှာ ၂၆ မှာပါတဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ဆိုတဲ့ခေါင်းစဉ် နဲ့ ရေးသားထားတဲ့ ကိုဖြိုးဝေဝင်း ရဲ့ ဆောင်းပါးကို အဓိက ကိုးကားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်တိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလို လုပ်ပြီး သတင်းထောက် သုံးယောက်ကို တရားစွဲဆိုတာပါ။

ဒီဆောင်းပါးဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပေါ် ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်းစောကြောချက်တွေအပေါ် အခြေခံပြီး ရေးသားတယ် လို့ သိရပါတယ်။

Weekly Eleven အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာတွေဖြစ်ကြတဲ့ ကိုကျော်ဇောလင်း နဲ့ ကိုနရီမင်း (ဒေါက်တာမင်းလွင်)၊ အကြီးတန်း သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း တို့ကို တာမွေရဲစခန်းမှာ အမှုဖွင့်ထားကြောင်း Eleven Media သတင်းစာတိုက်ကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာ လာရောက် အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာတော့ အမှုဖွင့်ခံရသူတွေက ရဲစခန်းကိုသွားရောက် အစစ်ဆေးခံပြီးတဲ့နောက်မှာ အခုလို သူတို့ ဖမ်းဆီးခံရတာပါ။

နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ သတင်းထောက်တွေ အဖမ်းခံရလေ့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption အခုအစိုးရလက်ထက်အထိ ပုဒ်မ ၅၀၅ (ခ) က မီဒီယာ သမားတွေ စိုးရိမ်ရတဲ့ ဥပဒေ ဖြစ်နေဆဲ

အခုတရားစွဲဆိုခဲ့တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ)ဟာ စစ်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးသမားနဲ့ သတင်းစာဆရာတွေ ကို စွဲချက်တင် ဖမ်းဆီး ထောင်ချတဲ့ နေရာမှာ အသုံးပြုလေ့ရှိတဲ့ ပုဒ်မ ပါ။

အခု အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒီလို ဥပဒေတွေကို ဆက်ပြီး ကျင့်သုံးနေတာ ဘာကြောင့်လဲလို့ AP သတင်းဌာနရဲ့ မြန်မာပြည်ဆိုင်ရာ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ ဝါရင့် သတင်းစာဆရာမ ဒေါ်အေးအေးဝင်း က မေးခွန်းထုတ်ခဲ့ပါတယ်။

" မီဒီယာ အမှောင်ခေတ်ကြီးကို ရောက်ပြီလား ဆိုရင်တော့ ရောက်ပြီလို့တောင် ပြောရတော့မပေါ့၊ ကိုယ်ကတော့ မမှောင့်တမှောင်လို့ ထင်ခဲ့ချင်ပေမယ့်လေ" လို့ ပြောပြီး အခုလက်ရှိ မီဒီယာလောကရဲ့ ပုံရိပ်ကို သူက ဖွင့်ဆိုလိုက်ပါတယ်။

သတင်းသမားတွေရဲ့ အလုပ်က အစိုးရရဲ့ အားနည်းချက်ကို ပြုပြင် ထောက်ပြဖို့ တာဝန်သာဖြစ်ပြီး အစိုးရက ဒီထောက်ပြချက်ကို ပြန်လည်သုံးသပ် စဉ်းစားရမှာပဲဖြစ်တယ်လို့ လည်း ဒေါ်အေးအေးဝင်းက ဆိုပါတယ်။

မေလ ၃ ရက်မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာသမားတွေအနေနဲ့ စိတ်ပျက်အားလျော့စရာဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

ဒီအစီရင်ခံစာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာကနေ ၂ဝ၁၈ ခုနှစ် ဧပြီလ အထိ မြန်မာပြည်က သတင်းမီဒီယာ ပေါင်းစုံ နဲ့ ဆက်သွယ်ကာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့တာပါ။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters sans frontières; RSF) က ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ညွှန်းကိန်း မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၃၁ နဲ့ သာရပ်တည်ခဲ့နိုင်ပြီး အခု ၂ဝ၁၈ ခုနှစ် အဆင့် ၁၃၇ ကို ထပ်မံကျဆင်းခဲ့ပါတယ်။

ဒီလို ဖိနှိပ်မှုတွေ ရှိနေဆဲဖြစ်ပေမယ့် မီဒီယာသမားတွေကတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေ မှာဖြစ်ပြီး ဖိနှိပ်မှုတွေကြောင့် အရည်အသွေး ပိုတောက်ပြောင် လာမယ်လို့ ယုံကြည်တဲ့ အကြောင်း ဝါရင့်သတင်းစာဆရာ ဦးသီဟစောက မှတ်ချက်ပေးပါတယ်။

သူက "ဒီအလုပ်က ဘယ်လောက် အန္တရာယ်များလဲ သိကြတာပဲ၊ ကြောက်ရင်ဘယ်လုပ်မလဲ၊ ကျွန်တော့အမြင်တော့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်" လို့ ဆိုပါတယ်။

မီဒီယာအမှောင်ခေတ်ကနေ လွတ်ခါစ မြန်မာ့မီဒီယာလောကဟာ ပိုရင့်ကျက်လာအောင် နိုင်ငံတကာရဲ့ အကူအညီနဲ့ ပြည်တွင်းက တတ်သိနားလည်သူတွေ အတူပေါင်းပြီး ကြိုးစားလုပ်နေတဲ့ အခုအချိန်မှာ အစိုးရကလည်း သူတို့ရဲ့ ဝန်ထမ်း ယန္တရားတွေကို သင်တန်းတွေပေးပြီး သင့်တင့်လျောက်ပတ်လာအောင် ပြင်ဆင်ပြောင်းလဲသင့်တယ်လို့ NHK သတင်းဌာနရဲ့ သတင်းထောက် ကိုသီဟသွေးက ဘီဘီစီကို ပြောပါတယ်။

အခု အဖမ်းခံထားရတဲ့ သတင်းသမားတွေကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဥပဒေ အကျိုးတော်ဆောင် အဖြစ် ဆောင်ရွက်မှာ ဖြစ်ပေမယ့် အခုလောလောဆယ်မှာတော့ အမှုကိုလိုက်ပါ ဆောင်ရွက်ခွင့် မရသေးဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။ လာမယ့် အောက်တိုဘာလ ၁၇ ရက် ရုံးချိန်းကျမှ အမှုကို ကိုယ်စားပြု ဆောင်ရွက်ခွင့် ရှေ့နေပါဝါ လျှောက်ထားရမယ်လို့ သူက ပြောပါတယ်။

မှန်ကန်တဲ့ အကြောင်းအရာ၊ သတင်းကို အခြေခံပြီးတော့ ရေးသား ဖော်ပြခဲ့တာဆိုရင် ဒီပြစ်မှု မမြောက်ဘူး ဆိုတဲ့ အချက်ကို အခြေခံပြီး တရားရုံးမှာ ပြန်လည် ရင်ဆိုင် သွားမယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ သတင်းရေးသားဖို့ အချက်အလက် စုဆောင်းခဲ့တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ယောက် လည်း နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ထောင်ဒဏ် ၇ နှစ် စီ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရပါတယ်။