ကေအိုင်အေနဲ့ မြစ်ကြီးနားဘက်မှာ တိုက်ပွဲပြန်စ

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကေအိုင်အေတပ်သားတွေ စစ်ရေးကင်းလှည့်နေစဉ်

မြန်မာတပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား အခုရက်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေနဲ့ တပ်မတော်ကြား တိုက်ပွဲမဖြစ်တာ ခြောက်လလောက်ရှိပြီး မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘို ဒေသမှာ အခုမှ ပြန်ဖြစ်တာ ဖြစ်ပါတယ်။

တပ်က ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်တာလို့ ကေအိုင်အေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နှစ်နာရီခန့် တိုက်ပွဲအတွင်းမှာတော့ အသေအပျောက်နဲ့ ဒဏ်ရာရတဲ့စာရင်းတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ လူနေနည်းပါးတဲ့ နေရာဖြစ်ပေမယ့် သစ်မှောင်ခိုသမားတွေ အဓိက ကျက်စားတဲ့နေရာ ဖြစ်တယ် လို့ ဒေသခံ အချို့က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်နဲ့နီးတဲ့ ကေအိုင်အေ ရှေ့တန်း ကာခင်းတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ချင်ပုံရကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကချင်ဒေသတိုက်ပွဲတွေကြောင့် နေရပ်စွန့်ပြေးရသူတွေ ရှိခဲ့

ပြီးခဲ့တဲ့နှစ်က ကေအိုင်အေနဲ့ တပ်မတော်ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တဲ့ အတွက် တိုက်ပွဲအရှိန် လျှော့ချရေးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီနဲ့ စက်တင်ဘာလတွေမှာ တပ်မတော်နဲ့ ကေအိုင်ကြား ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ပုံမှန်အားဖြင့် မိုးတွင်းကာလတွေမှာ တိုက်ပွဲတွေဖြစ်လေ့ဖြစ်ထ မရှိပေမယ့် ပွင့်လင်း ရာသီမှာတော့ တိုက်ပွဲတွေ ဖြစ်လေ့ရှိ ပါတယ်။

အဲဒီအတွက်လည်း အခုတိုက်ပွဲကနေ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်တယ်လို့ ပြောဆိုကြပါတယ်။