ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ ပြည်သူ့ဘဏ္ဍာ ဘီလီယံနဲ့ချီ နစ်နာလို့ဆိုကာ အဂတိကော်မရှင်ကို တိုင်ကြား

Image caption ၂၀၁၆ -၂၀၁၇ ဘဏ္ဍာ နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံ စာပါအချက်တွေအရတိုင်ကြားတာဖြစ်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ဘီလီယံနဲ့ချီ နစ်နာခဲ့တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စစ်ဆေးပေးဖို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဒေါက်တာ ညိုညိုသင်းက အောက်တိုဘာ ၁၃ ရက်နေ့မှာ ကော်မရှင်ကို စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

အဂတိကော်မရှင်ထံ တိုင်ကြားခဲ့တဲ့ တိုင်ကြားစာထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖော်ပြခဲ့တဲ့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာပါ ဖော်ပြချက်တွေထဲက အစိုးရပိုင်မြေတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းတာ၊ ရောင်းချတာတွေမှာ သတ်မှတ်ပေါက်ဈေးထက် များစွာလျော့နည်းပြီး ပေးအပ်ခဲ့တယ်ဆိုတဲ့ အချက်တွေကို အဓိကထားဖော်ပြပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်။

' 'တိုင်ကြားစာကတော့ အီးမေးလ်နဲ့လည်း ပို့ထားတယ်။ စာတိုက်ကနေလည်း ပေးပို့ပြီး တိုင်ထားတယ်။ တာဝန်ရှိမှုကို ဖော်ထုတ်ခိုင်းတာပါ။ ပြည်သူလူထုက အကျိုးစီးပွားရမှာ ကျိန်းသေတယ်။ ကော်မရှင်ကလည်း ဥပဒေနဲ့အညီလုပ်ကိုလုပ်မယ်လို့ မျှော်လင့်ထားတယ်။ ကော်မရှင်ကတော့ တိုင်စာရှိလာရင် တိုင်တဲ့သူကိုခေါ်စစ်ပြီးတော့ အရေးယူဆောင်ရွက်ရတာတွေ ရှိတယ်။ သူတို့နောက်ဆက်တွဲ ဥပဒေနဲ့အညီ ဆောင်ရွက်တာတွေ ရှိလာပါလိမ့်မယ်။' ' လို့ ဒေါက်တာညိုညိုသင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YAGON HLUTTAW
Image caption ရန်ကုန်တိုင်းလွှတ်တော်

အဂတိလိုက်စားမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာဆိုရင် ဘယ်သူမဆို ပြည်သူ့ဘဏ္ဍာငွေကို စီမံကိုင်တွယ် ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းတွေကို ဖောက်ဖျက်လို့ နိုင်ငံတော်ရဲ့ငွေကြေးနဲ့ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေရင် အဂတိလိုက်စားမှုဖြစ်ကြောင်း ပါရှိတဲ့အတွက် ပြည်သူတွေကိုယ်စား တိုင်ကြားရတာ ဖြစ်တယ်လို့လည်း ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

' ' စာရင်းစစ်ချုပ် အစီရင်ခံစာထဲက အခုဖော်ပြထားတဲ့ အချက်တွေက စာရင်းချုပ်ကိုယ်တိုင်က ဒါတွေက နိုင်ငံတော်ရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပါတယ်လို့ ပြောထားတာတွေ ဖြစ်တယ်။ တိုင်စာထဲမှာ ထောက်ပြထားတဲ့ အချက် ၅ ချက်ကပဲ နစ်နာဆုံးရှုံးမှုကတွက် ကြည့်မယ်ဆိုရင် ဘီလီယံ ၆၀ ပတ်ဝန်းကျင် ရှိနေတယ်။ ပြည်သူလူထုက အခုလိုအပ်ချက်တွေ အရမ်းကို မြင့်မားနေတယ်။ အဲဒီ ဘီလီယံ ၆၀ သာရမယ်ဆိုရင် ပြည်သူလူထုရဲ့လိုအပ်ချက်တွေကို အစိုးရအနေနဲ့ အများကြီးဖြည့်ဆည်းပေး နိုင်မယ်။ ပြည်သူ့ပိုက်ဆံတွေ ပြည်သူ့ဘဏ္ဍာငွေတွေ ပြည်သူ့လက်ထဲပြန်လည်ရရှိစေ လိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးကော်မရှင်ကလည်း ဥပဒေပါအတိုင်း ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်မယ်လို့ ယုံကြည်တယ်။ အဲဒီလို စုံစမ်းဖော်ထုတ်ရာကနေ အခြားသော နောက်ဆက်တွဲ ပတ်သက်နေတဲ့ အဂတိလိုက်စားမှုတွေလည်း တွေ့ရမယ်လို့ မျှော်လင့်ထားတယ်။''လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့ရတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ညိုညိုသင်းက ထပ်မံပြောပြပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာဟာ စာမျက်နှာ ၃၀၀ ကျော်ပါဝင်ပြီး အစိုးရပိုင် အဆောက်အအုံတွေရဲ့ ငှားရမ်းခတွေဟာ ပြင်ပပေါက်ဈေးထက် အဆမတန် ကွာခြားပြီး ဈေးနည်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က အစီရင်ခံစာမှာ ထည့်သွင်း တင်ပြခဲ့ပါတယ်။ အစီရင်ခံစာပါ တွေ့ရှိချက်တွေအပေါ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အများစုက ပြန်လည် ထောက်ပြ ဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံမေးမြန်း

ဆက်စပ် အကြောင်းအရာများ