ဆော်ဒီ သတင်းစာဆရာ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အကြီးအကဲ က အမှန်တရားဖော်ထုတ်ဖို့တောင်းဆို

ဓာတ်ပုံ မူပိုင် AFP
Image caption မဖြစ်သင့်တာတွေ က ပုံမှန်လိုဖြစ်ဖြစ်လာနေတာ ကို ကုလသမဂ္ဂ အကြီးအကဲ စိုးရိမ်

ဆော်ဒီအာရေဗျ အစိုးရ ကို ဝေဖန်လေ့ရှိတဲ့ ဆော်ဒီ သတင်းစာဆရာ ဂျမား ဟာရှော့ဂျီ အောက်တိုဘာလ ၂ ရက်နေ့ က တူရကီမှာ ရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ဝင်သွားပြီးကတည်း ပျောက်ဆုံးနေတဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စိုးရိမ်မကင်းတာတွေ ထွက်ပေါ်လာတဲ့အထဲ အခုနောက်ဆုံး ပါဝင်ပြောလာသူ ကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပါ။

မစ္စတာ အန်တိုနီယို ဂူတားရက်စ် က ဆော်ဒီ သတင်းစာဆရာ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အမှန်တရား က ဘာလဲဆိုတာ ကို ရအောင်လုပ်ရမှာ လို့ ပြောသလို နိုင်ငံတကာမှာ အရင်က ဒါပုံမှန်မဟုတ်ဖူးလို့ မြင်ထားကြတဲ့အရာတွေ က တဖြည်းဖြည်းနဲ့ ပုံမှန်လို အသစ်ဖြစ်ဖြစ်လာတာကို စိုးရိမ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ဒါမျိုးက ဖြစ်လို့ကို မရဘူး ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း ထုတ်ပြောကြဖို့လိုတယ် လို့ သူ ကဆိုပါတယ်။

တူရကီအစိုးရ လုံခြုံရေး ဌာနက ဒီသတင်းထောက်ဟာ အဲဒီကောင်စစ်ဝန်ရုံးထဲမှာပဲ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို အထောက်အထားပြနိုင်တဲ့ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ သူတို့ရထားတယ်လို့ ဆိုနေပါတယ်။

ဆော်ဒီ အုပ်ချုပ်သူအသိုင်းအဝိုင်း ကို ဝေဖန်စောကြောတဲ့ ဆောင်းပါးတွေ ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားသူ မစ္စတာ ဟာဂျော့ဂျီဟာ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံရတာ လို့ တူရကီအစိုးရ ဘက်က ယုံကြည်ထားပြီး ဆော်ဒီ က တော့ မဟုတ်ဘူး လို့ ငြင်းဆိုထားပါတယ်။

ဆော်ဒီ ပြည်ထဲရေး ဝန်ကြီး မင်းသား အဘဒ္ဒူလာဇစ် ဘင် ဆွတ်ဘင်နဗ် ဘင် အဘဒ္ဒူလာဇစ် က နိုင်ငံပိုင် သတင်းဌာန Saudi Press Agency နဲ့ မေးမြန်းခန်းမှာ ဆော်ဒီ ဘုရင့်နိုင်ငံအနေနဲ့ အစစ်အမှန် တခုလုံး ကို ဖော်ထုတ်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့ တူရကီကိုရောက်လာ

ဆော်ဒီ မြို့တော် ရီရတ်ဒ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ကျရင် အနာဂတ် ရင်းနှီးမြှုပ်နှံမှု ရှေ့ဆောင်ရှေ့ရွက်ပြုမှု ညီလာခံ Future Investment Initiative Conference ကို စတင်မှာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေး ခေါင်းဆောင်တွေ ကို ဖိတ်ကြားထားတာပါ။

အခု ဆော်ဒီ သတင်းစာဆရာ သတင်းတွေ ထွက်လာပြီးနောက်မှာတော့ ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ကင်မ် က အဲဒီ ညီလာခံကို သူ မတက်တော့ဘူးလို့ ပြောလိုက်သလို၊ ဗားဂျင်း Virgin ကုမ္ပဏီ အကြီးအကဲ ဆာ ရစ်ချတ် ဘရန်ဆန် က လည်း သူ ခရီးသွား အစီအစဉ် စီမံကိန်း ၂ ခု မှာ ပါဝင်နေတာကို ရပ်ဆိုင်းလိုက်ပါတယ်။

နောက်ပြီး ဆော်ဒီ အစိုးရ ရဲ့ ဗားဂျင်း ရဲ့ အာကာသ ခရီးသွားအစီအစဉ် မှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ် အတွက် ဆွေးနွေးမှုတွေကိုလည်း မစ္စတာ ဘရန်ဆန် က ရပ်ထားလိုက်ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF အကြီးအကဲ ခရစ်စတန်း လာဂက်စ် ကတော့ ထွက်လာတဲ့ သတင်းတွေအပေါ်မှာ ကြောက်ရွံ့ထိပ်လန့်မိကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဆော်ဒီ က ညီလာခံကိုတော့ IMF ရဲ့တာဝန် အရ တက်ရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဆော်ဒီနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမှန်တရား ကို ထုတ်ဖော်မယ်ဆိုတဲ့ ကတိတွေပေးနေပါတယ်။