ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ အတွက် အကြိုညှိနှိုင်းပွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၅ NCA ထိုးလက်နက်ကိုင်အဖွဲ့တွေထက် အခုအချိန်မှာ ၂ ဖွဲ့တိုးလာ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အရေးတွေကို အဖြေရှာဖို့ အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ထိပ်သီးဆွေးနွေးပွဲ အတွက် အကြို ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးတဲ့ ၃ နှစ်ပြည့်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဘက်က ကိုယ်စားလှယ် ၁၀ ဦး၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ကိုယ်စားလှယ် ၁၀ ဦး စီတက်ရောက်ဆွေးနွေးကြမယ်လို့ အကြိုဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်း က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးအရ ဆွေးနွေးကြတဲ့နေရာမှာ လွယ်ကူစေရေးအတွက် မူဘောင် ဆိုင်ရာတွေ ညှိနှိုင်းကြပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နိုင်ရေးအတွက် အဲဒီထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးကြမှာလို့ ဦးခွန်မြင့်ထွန်း က ဆိုပါတယ်။

NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်လာနိုင်ရေးအတွက်လည်း ခေါင်းဆောင်တွေ ဆွေးနွေးကြမှာဖြစ်သလို၊ နိုင်ငံရေးအရ သဘောတူညီချက်ရအောင် ထပ်မံဆွေးနွေးရမယ့် အချက်တွေကိုလည်း ဆွေးနွေးသွားကြမှာ လို့ သူ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ နဲ့ အခြားအဖွဲ့တွေက အပစ်မရပ်သေး

ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ခေါင်းဆောင်တွေတက်ရောက်ကြမှာမို့ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ သူတွေ တက်ရောက်မယ့်ပွဲလို့ ဆိုပါတယ်။

ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ရေးအတွက် လမ်းညွှန်မှု တွေကို ထိပ်သီးအစည်းအဝေး ကို တက်ရောက်လာမယ့် ခေါင်းဆောင်တွေက ချမှတ်ပေး နိုင်မယ်လို့ ဦးခွန်မြင့်ထွန်းက မျှော်လင့်ထားသလို၊ ခေါင်းဆောင်တွေ အကြား သဘောထား တွေကို ရှင်းရှင်းလင်းလင်းပြောကြားနိုင်ကြပြီး၊ စိုးရိမ်မှုတွေကို ဖယ်ရှားနိုင်ကာ ယုံကြည်မှုတွေ ပိုတည်ဆောက်လာနိုင်မယ်လို့ သူမြင်တဲ့အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စု အခြေခံမူပိုင်းမှာ ခွဲထွက်ခွင့်ရှိရေးအခြေခံမူပိုင်း၊ နိုင်ငံမှာ လက်နက်ကိုင်တပ်တခုတည်းရှိရေးအတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာပိုင်း၊ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေမှုတွေ အပိုင်းမှာ ညှိနှိုင်းရ ခက်ခဲနေကြတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှေးကွေးနေတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။