မော်လမြိုင်မှာ ယာဉ်ထိန်းရဲကို ကားနဲ့တိုက်ပြီး သေနတ်နဲ့ပစ်ခတ်၊ အရပ်သားတစ်ဦးပါ သေနတ်ထိမှန်

သေနတ်သမားမောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့ ယာဉ်ထိန်းရဲရဲ့ဆိုင်ကယ် ဓာတ်ပုံ မူပိုင် BO WIN
Image caption သေနတ်သမားမောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့ ယာဉ်ထိန်းရဲရဲ့ဆိုင်ကယ်

မော်လမြိုင်မြို့ မြိုင်သာယာ ရပ် ဦးစစ်မောင်လမ်းနဲ့ သမိန်ဗရမ်းလမ်းထောင့်အနီးမှာ ဒီကနေ့ ( အောက်တိုဘာ ၁၄ ) မနက် ၈နာရီဝန်းကျင်က တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ တစ်ဦးနဲ့ အရပ် သားတဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ကိုဘိုဘိုဝင်းက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ မနက် ၈နာရီဝန်းကျင်က ယာဉ်ထိန်းရဲတပ်ကြပ် မျိုးဇော်ဦးဟာ တာဒေါင်းဇရပ် မီးပွိုင့် လမ်းဆုံမှာ မုဒုံဘက်ကနေ မော်လမြိုင်မြို့ဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို ရပ်တန့် စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။ ဒီလိုတားဆီးရာမှာ ယာဉ်ကိုမောင်းနှင်ပြီးထွက်ပြေးလို့ ဆိုင်ကယ်နဲ့လိုက်လံဖမ်းဆီး တဲ့အခါမှာ မော်တော်ယာဉ်ကိုမောင်းနှင်လာသူက ယာဉ်ထိန်းရဲရဲ့ဆိုင်ကယ်ကိုကားနဲ့ ပြန်တိုက်တဲ့အပြင် သေနတ်နဲ့ပါပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် BO WIN
Image caption ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်ဆန်

' ' ယာဉ်ထိန်းက ကားကိုတားတာကို ကားထဲကလူက ကားနဲ့တိုက်လိုက်ပြီး သေနတ်နဲ့ပါလိုက်ပစ်တာ လေး ငါးချက်လောက်ရှိမယ်။ ကျည်ဆန် ၄ ခုတော့ရတယ်လို့ သိရတယ်။ ယာဉ်ထိန်းက ထွက်ပြေးပေမယ့် ပါးကို ထိသွားတယ်။ အရပ်သားတစ်ဦးက ကလေးကိုကျောင်းသွားပို့ပြီး ပြန်အလာမှာ ပစ်နေတာမြင်လို့ ရှောင်ပေမယ့် သူ့လက်ချောင်းလေးတစ်ချောင်းကိုထိသွားတယ်၊ ဖောက်ထွက်သွားတာ ကျည်က။

ကျွန်တော်တို့ ၈နာရီ ၂၅ မိနစ်မှာ သတင်းရလို့ သွားကြည့်တော့ လူနာကို ဖြစ်စဉ်နေရာမှာ မတွေ့ဘူး။ တာဝန်ကျတဲ့ ယာဉ်ထိန်းနောက်တစ်ယောက်နဲ့လိုက်ရှာမှ ဖြစ်တဲ့နေရာနဲ့ ကိုက် ၂၀၀ လောက်အကွာမှာ ပုန်းနေတာတွေ့တယ်။ ဖြစ်တဲ့နေရာက လေဆိပ်နား မြို့စွန်လို့ပြောလို့ရတာပေါ့။ လူကတော့ မပြတ်ဘူး ။ အခုက ယာဉ်ထိန်းရော အရပ်သားရော မော်လမြိုင်ဆေးရုံကြီးကို ပို့ထားပြီး ဆေးကုသပေးနေပါပြီ။ အသက် အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။''

လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုဘိုဘိုဝင်းကပြောပြပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူမှာ အခင်းဖြစ်ရာနေရာမှာယာဉ်ကိုထားကာ ထွက်ပြေးသွားခဲ့ပြီး မောင်းနှင်လာတဲ့ မော်တော်ယာဉ်မှာလည်း လိုင်စင်မရှိဘူးလို့ သိရပါတယ်။သေနတ်သမားနဲ့အတူ ယာဉ်ပေါ် ပါလာတဲ့ အမျိုးသမီး တစ်ဦးကိုတော့ ရဲစခန်းမှာထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

သေနတ်သမားရဲ့ ကားပေါ်ကနေရရှိခဲ့တဲ့ သက်သေခံကတ်ပြားအရ သေနတ်နဲ့ ပစ်ခတ်ခဲ့သူမှာ မွန်တိုင်းရင်း သားအဖွဲ့တခုက ဒုဗိုလ် အဆင့်ရှိသူလို့ ခရိုင်ရဲတပ်ဖွဲ့က ကနဦးပြောဆိုထားတာတွေရှိသလို ၊ ဟုတ်မှန်ခြင်းရှိ မရှိ စစ်ဆေးသွားပြီး တရားခံကိုဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေနေကာ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ခရိုင်ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းဦး ကသတင်းမီဒီယာ အချို့ ကိုပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ