ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက် ဖြိုခွဲခံရ

စက်ရုံဘက်က အကြမ်းဖက်ခဲ့တာကို ပြောပြနေတဲ့ အလုပ်သမ တဦး ဓာတ်ပုံ မူပိုင် OK Than Soe / Facebook
Image caption စက်ရုံဘက်က အကြမ်းဖက်ခဲ့တာကို ပြောပြနေတဲ့ အလုပ်သမ တစ်ဦး

အောက်တိုဘာလ ၁၅ ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်က ဖုယွင် အထည်ချုပ်စက်ရုံမှာ သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်နေကြတဲ့ အလုပ်သမားသပိတ် ဆင်နွှဲနေသူတွေကို လူတစုက ဝင်ရောက် ရိုက်နှက်ခဲ့လို့ အလုပ်သမား အများအပြား ဒဏ်ရာ ရသွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

စက်ရုံကို နေ့စား လာလုပ်ကြတဲ့ အလုပ်သမားတွေကို ဆန္ဒပြ အလုပ်သမားတွေက သပိတ်တားနေချိန်မှာ တုတ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူတစုက ဝင်ရောက်ရိုက်နှက်တာ ဖြစ်တယ်လို့ ဒီဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကိုယ်တိုင်ရှိနေတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

တုတ်တွေနဲ့ ဝင်ရိုက်တဲ့သူ အရေအတွက်က ၁၀ ဦး နီးပါးရှိပြီး သူတို့တွေကို စက်ရုံမန်နေဂျာက ခေါ်ယူခဲ့တာလို့ ဆန္ဒပြအလုပ်သမား မသက်ထားဆွေက ပြောပါတယ်။ အဲဒီလို ဝင်ရောက်ရိုက်နှက်ခဲ့လို့ သပိတ်ဆင်နွှဲနေတဲ့ အလုပ်သမား ၃ဝ နီးပါးရဲ့ ဦးခေါင်း၊ ကိုယ်ခန္ဓာ နဲ့ ခြေလက်တွေမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရအလုပ်သမားတွေကို လက်ရှိမှာ စံပြဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ဒဏ်ရာသူ ၈ ဦးနဲ့ ၂၄ နာရီ အတွင်း စောင့်ကြည့်ရမယ့်သူ ၁၆ ဦး ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဝင်ရောက်ရိုက်နှက်ချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ဖြေရှင်းတာ မရှိဘဲ ရပ်ကွက်နေပြည်သူတွေနဲ့ ဝန်းရံသူတွေက လာရောက်ဖြေရှင်းပြီး ဆေးရုံပို့ပေးတယ်လို့ သူတို့တွေက ပြောပ့ါတယ်။

ကျုးလွန်သူတွေနဲ့ စက်ရုံမန်နေဂျာကို အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖုယွင် စက်ရုံဝင်း အုတ်တံတိုင်းကို နောက်ဘက်မှာ အပေါက်ဖောက်ပြီး အလုပ်သမားတွေကို သွင်း

တရုတ် နိုင်ငံသားပိုင် ဖုယွင် အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေဟာ အလုပ်သမားအခွင့် အရေးအတိုင်းရရှိဖို့ စက်ရုံဝင်ပေါက် ဝင်းတံခါးရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေကြတာဟာ ၅၆ ရက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

စတင်သပိတ်မှောက် တောင်းဆိုချိန်က အလုပ်သမား ၃၀၀ ကျော်ရှိပြီး အချိန်ကြာလာတာနဲ့အမျှ မိသားစု စားဝတ်နေရေးအတွက် တခြားစက်ရုံတွေမှာ အလုပ်ပြန်ဝင်နေကြလို့ အခုချိန်မှာ အလုပ်သမား ၂၀၀ နီးပါးရှိတော့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

အခကြေးငွေ မပေးဘဲ အချိန်ပိုမခိုင်းဖို့၊ အလုပ်သမား လုံလောက်စွာ ခန့်ထားပေးဖို့၊ လုပ်ငန်းကျွမ်းကျင်ကြေး တိုးမြှင့်ပေးဖို့၊ အလုပ်ဖြုတ်ခံထားရတဲ့ ဖုယွင်အထည်ချုပ် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ပေးဖို့ စတဲ့ အချက်တွေ အပါအဝင် အချက် ၉ ချက် ကို ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ တောင်းဆိုနေကြတာပါ။

တောင်းဆိုချက် ၉ ချက်မှာ ၇ ချက်ကို အလုပ်ရှင်ဘက်က သဘောတူထားပြီး ၂ ချက် ကျန်ရှိသေးလို့ အားလုံးရရှိတဲ့အထိ သပိတ်ဆင်နွှဲမယ်လို့ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

ကျန်ရှိတဲ့ ၂ ချက်က လုပ်ငန်းကျွမ်းကျင်ကြေး နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်အပ်ဖို့ သဘောတူပေးဖို့ ဖြစ်ပါတယ်။

ရန်ကုန် ရဲတပ်ဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ Yangon Police မှာတော့ အလုပ်သမားများ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကို ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဘီဘီစီက ဖုယွင် အထည်ချုပ်စက်ရုံ အုပ်ချုပ်ရေးပိုင်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စက်တင်ဘာတုန်းက ဖုယွင် အလုပ်သမား တစ်ဦးက သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုချက်