နေပြည်တော် ငြိမ်းချမ်းရေး ထိပ်သီးပွဲ အလားအလာ ဘာရှိလဲ

ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲရလဒ် အပေါ် မျှော်လင့်ချက်တွေ မြင့်မားနေ ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲရလဒ် အပေါ် မျှော်လင့်ချက်တွေ မြင့်မားနေ

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ ထိပ်သီးခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဆုံးဖြတ်ချက် ချ နိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်တာကြောင့် အရင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထက် ပိုပြီး ထိရောက်လိမ့်မယ်လို့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာ နေသူတွေက ပြောပါတယ်။

မပြီးပြတ်သေးတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နဲ့ အနာဂတ်အတွက် အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့၁၀ဖွဲ့က ခေါင်းဆောင်တွေက နေပြည်တော်မှာ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ အဖြစ် သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အကြိမ်ကြိမ် လုပ်ရဖန်များတော့ လူထုဘက်က အယုံအကြည် မရှိတော့တဲ့ အရိပ်အယောင်တွေ တွေ့လာရသလို နိုင်ငံရေး လေ့လာသုံးသပ်သူတွေ ဘက်လည်း ဒီထက်ပိုတဲ့ ထိရောက်တဲ့ နည်းလမ်းတွေကို သုံးသပ်ပြင်ဆင်ဖို့ မကြာခဏဆိုသလို ထောက်ပြလာနေကြပါတယ်။

ဒီသုံးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို မြင်ချင်သလို တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက ထားပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုသာ ပြင်ဆင်ချင်ပြီး အစိုးရကတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ ဖြစ်တာကြောင့် သူ့ရွေးကောက်ပွဲ သက်တမ်းမှာ အောင်မြင်မှု တခုခုကို ပြသွားချင်တယ်လို့ ယူဆကြောင်း မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ (ISP Myanmar) က ပြင်ပ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ဒီဆွေးနွေးပွဲက ငြိမ်းချမ်းရေး ဆိုင်ရာ ပြဿနာ တွေကို ချက်ချင်း ပြေလည်သွားနိုင်ဖို့က ခက်ခဲတဲ့ အခြေအနေဖြစ်ပေမယ့် ဒီကနေ တဆင့် နားလည်မှုယူပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်သွားနိုင်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးမှာတစ်ဆို့နေတာက ဘာလဲ

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်မျိုးသိမ်းကတော့ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင်တွေရဲ့ ပထမဆုံး ထိပ်သီး အစည်းအဝေးပွဲဖြစ်တာကြောင့် အရေးကြီးတယ်လို့ မြင်ကြောင်းနဲ့ ဒီလို အစည်းအဝေးပွဲတွေ အကြိမ်ပေါင်းများစွာ လုပ်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင်တွေ ထပ်ပါဖို့ လိုအပ်သလို ခေါင်းဆောင်ပိုင်း ယုံကြည်မှု ကျဆင်းနေပြီး ပူးပေါင်းဆောင်ရွက်မှု လျော့ရဲနေတဲ့အချိန်မှာ အချိန်တိုအတွင်း ပြောင်းပြန်လှန်ဖို့ ဆိုရင် အစိုးရနဲ့ တပ်မတော်က တနိုင်ငံလုံး အပစ်ခတ် ရပ်စဲကြောင်း ကြေညာနိုင်မယ် ဆိုရင် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ရလဒ်တွေ ရနိုင်တယ်လို့ ဦးရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

ဒီနေ့ပွဲကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ကြပြီး အဖွင့်စကား အသီးသီးပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံက လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကိစ္စက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေး ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုရဲ့ ပကတိ တည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာမဟုတ်ပါဘူးလို့ သူက မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည် ဖော်သွားမယ် ဆိုတာ အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

တပ်မတော်ဘက်က ခွဲမထွက်ရေး မူဝါဒကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောဆိုဝေဖန်တာတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စုရဲ့ မည်သည့်အစိတ်အပိုင်းမဆို ခွဲထွက်ခြင်း မပြုရဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အတိအလင်းပြဋ္ဌာန်းပြီး ဖြစ်တာကြောင့် ခွဲမထွက်ရ ဆိုတဲ့စကားဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်တဲ့ စကားရပ် အာမခံချက်တခု ဖြစ်တယ်လို့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေး မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုင်းရင်းသားရေးရာ ပြဿနာ ဘယ်လို ဖြေရှင်းမလဲ

အစည်းအဝေးမတိုင်မီ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ တစ်စုံတစ်ဦးက ထိန်းချုပ် မထားတဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ တပ်မတော်ကို ထားရှိဖို့ သဘောထားရှိတာတွေ တွေ့မြင်ရပါတယ်။

တိုင်းရင်းသားတွေက ခွဲထွက်ပိုင်ခွင့်တောင်းတယ်ဆိုတာ အရင်က မရှိခဲ့ဘဲ ဖက်ဒရယ်ကို တောင်းခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်နိုင်ငံထူထောင်တာဟာ ခွဲထွက်တာ မဟုတ်တဲ့အပြင် ပူးပေါင်းဖို့ ဆွေးနွေးတာပါလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး ချင်းနိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဆလိုင်းကစ်ခိုလျန်ကတော့ သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။

ဘယ်နိုင်ငံမှ တပ်မတော်ဆိုတာ နှစ်ခု၊ သုံးခု မရှိဘူးဆိုတာ တိုင်းရင်းသားတွေက လက်ခံပြီးသားဖြစ်လို့ အခု တောင်းဆိုနေတာကလည်း တပ်မတော်ကို ပြန်လည်ပြုပြင်ဖို့၊ တိုင်းရင်းသားပေါင်းစုံပါတဲ့ နိုင်ငံမှာ ဗမာပဲ ကြီးစိုးတဲ့ တပ်မတော် ရှိတာ မလိုချင်တာသာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

အခု ထိပ်သီးအစည်းအဝေးက ၂၀၁၇ မေလမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးပြီးတော့ သဘောတူလို့ မရသေးတဲ့ တစ်ဆို့နေတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးမှာသာ ဖြစ်ပြီး၊ အဓိကကတော့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်နဲ့ တပ်မတော်ဘက်က တောင်းဆိုတဲ့ ခွဲမထွက်ရ ဆိုတဲ့ အချက်ကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ ချင်းအမျိုးသား တပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဆလိုင်းလျန်မှုန်းဆာခေါင်းက အစည်းအဝေးပွဲ မစတင်မီ မီဒီယာတွေကို ပြောခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက် တနိုင်ငံလုံး အပစ်ရပ် စာချုပ် ကို တိုင်းရင်းသား လက်နက်ကိုင် အုပ်စု တချို့ စတင်ချုပ်ဆိုတဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ဒီလိုနောက်ခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြည့်အဝကြေညာနိုင်ဖို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ရေး ကိစ္စတွေ အကျေအလည် ညှိနှိုင်းနိုင်ဖို့ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပြည်သူလူထု အားလုံးက လိုလားနေကြတယ်လို့ နိုင်ငံရေး သုံးသပ်လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလတွေ အထိ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရက္ခိုင့်တပ်မတော် (ULA/AA) တပ်တို့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိသလို တိုင်းရင်းသား လက်နက်ကိုင် တပ်အချင်းချင်းလည်း တိုက်ပွဲ တချို့ ဖြစ်ပွားခဲ့တယ်လို့ Burma Monitor သုတေသန အဖွဲ့ရဲ့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်