ထိပ်သီးအစည်းအဝေး မရေမရာနဲ့ပြီးဆုံး

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မပြေလည်ခဲ့

အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်များ နှစ်ရက်တာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေး ပြီးဆုံးခဲ့ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြန့်ကြာနေတဲ့ ကိစ္စ နှစ်ခုနဲ့ ပတ်သက်လို့ တိကျတဲ့အဖြေ မထုတ်နိုင်ခဲ့ကြပါဘူး။

ဒုတိယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ခွဲမထွက်ရ ဆိုတဲ့စကားရပ်နဲ့ တခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

အရင် ငြိမ်းချမ်းရေး ညီလာခံတွေမှာ ဒီကိစ္စ နှစ်ခုနဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင် ဖြစ်နေခဲ့တဲ့ အတွက်လည်း အခု ထိပ်သီးအစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အခု ထိပ်သီး အစည်းအဝေးမှာလည်း ဒီကိစ္စနှစ်ခုနဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေမရရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံ

တဘက်ကလည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသုံးပြုပြီး ခွဲထွက်သွားမှာစိုးသလို တဘက်ကလည်း ခွဲထွက်ခွင့်ကိုပေးပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မပေးမှာကို စိုးရိမ်ချက်တွေကြောင့် ဆွေးနွေးပွဲမှာ တိကျတဲ့ အဖြေမထွက်နိုင်တာ ဖြစ်ပါတယ်။

ဒီစကားလုံးနဲ့ ပတ်သက်လို့ စိုးရိမ်မှုကိုလည်း လျော့ပါးစေပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမယ့် နှစ်ခုစလုံးကိုပေါင်းတဲ့ အရေးအသားမျိုးရမယ့် စကားလုံးမျိုးနဲ့ နိုင်ငံရေးသဘောတူညီမှုရအောင် ကြိုးစားသွားပြီး နိုဝင်ဘာလမှာ ဒီကိစ္စကို ပြန်လည် ဆွေးနွေးမှာ ဖြစ်ပါတယ်။

တခုတည်းသော တပ်မတော်ထားရှိရေးကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နှစ်ရက်တာ ဆွေးနွေးပွဲမှာ အဆင်မပြေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးအဖြေရှာဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ညီလာခံတခုကို နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း PNLO အဖွဲ့က ခွန်မြင့်ထွန်းက ပြောပါတယ်။

တစ်ခုတည်းသော တပ်မတော်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တိုင်းရင်းသားခေါင်းဆောင်တွေဆွေးနွေးခဲ့ ကြပြီး ဒီကိစ္စကို ဆက်လက်ဆွေးနွေးဖို့သဘောတူခဲ့ကြတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။ အရင်ညီလာခံတွေမှာတော့ လုံခြုံရေးကိစ္စကို ထည့်သွင်းဆွေးနွေးခွင့်မရခဲ့ပါဘူး။

ဆွေးနွေးပွဲမှာ တိတိကျကျ အဖြေမထွက်နိုင်တဲ့အတွက် မူလက လျာထားတဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ကတော့ အခက်အခဲ ရှိသွားနိုင်ပြီလို့ တိုင်းရင်းသားခေါင်းဆောင်အချို့ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office