အိန္ဒိယမှာ လူအုပ်ကြားထဲ ရထားဝင်တိုက်လို့ အစုလိုက် သေဆုံး

ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြ ဓာတ်ပုံ မူပိုင် EPA
Image caption ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြ

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အမရစ်ဆာမြို့က မီးရထားသံလမ်းပေါ် စုံပြုံရောက်နေကြတဲ့ လူအုပ်ကြီးထဲ အရှိန်ပြင်း မောင်းနှင်လာတဲ့ ရထား ဝင်တိုက်ခဲ့လို့ လူပေါင်း ၆၀ ကျော် သေဆုံးပြီး လူ ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

လူအုပ်ကြီးဟာ ဟိန္ဒူ ဘာသာရေးပွဲတော် အခမ်းအနားက ပစ်ဖောက်တဲ့ မီးရှုးမီးပန်းတွေ ဗြောက်အိုးတွေကို ရထားသံလမ်းပေါ်တက်ပြီး ကြည့်နေခဲ့ကြတာပါ။

ပွဲတော်က အသံတွေကြောင့် အရှိန်ပြင်းမောင်းနှင်လာတဲ့ ရထားရဲ့ အချက်ပေးအသံကို ဂရုမမှုဘဲ ဆက်ကြည့်နေတာကြောင့် ရထားက အရှိန်မသတ်နိုင်ဘဲ ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ်ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဏ်ရာရသူတွေထဲ ကလေးတွေ အများအပြား ပါဝင်

သေဆုံးသူတွေထဲမှာ အများစုက ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မျက်မြင်တွေ့သူတွေ က တော့ ဘာသာရေးပွဲ လာကြည့်ကြသူတွေထဲက သေဆုံးသူ အများစုဟာ ပွဲတော်အခမ်းအနားကို သူတို့ မိုဘိုင်းလ်ဖုန်းတွေ နဲ့ ဗီဒီယို ရိုက်နေကြတာ ဖြစ်ပြီး ရထားက သူတို့အနားရောက်ချိန်ကျမှ သတိထားမိကြတာလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝမ်းနည်းနေကြတဲ့ အမျိုးသမီးများ

ဒီရထားဟာ ဂျလန်ဟာ မြို့ ကနေ အမရစ်ဆာမြို့ကို ပြေးဆွဲနေတဲ့ အမြန်ရထားဖြစ်ပြီး အရှိန်သတ်ဖို့ မလွယ်ခဲ့ဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ သံလမ်းပေါ်မှာတော့ အလောင်းတွေ မြင်မကောင်းအောင် ပြန့်ကျဲခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရထားတိုက်ခဲ့တဲ့ နေရာကို အာဏာပိုင်တွေ လာရောက်စစ်ဆေး

ပန်ဂျပ် ပြည်နယ်အကြီးအကဲ အမာရင်ဒါဆင်း ကတော့ ဒီဖြစ်ရပ်ဟာ အင်မတန်မှ ဝမ်းနည်းဖွယ်ရာ ပါ လို့ သူ့ရဲ့ တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရထားတိုက်မိမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေကို တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့လည်း ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ က လည်း ဝေနည်းကြေကွဲစရာ စိတ်နှလုံးထိခိုက်ရတဲ့ ဖြစ်ရပ် ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၀ ရက် စနေနေ့မှာတော့ ပန်ဂျပ်ပြည်နယ်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာနေ့အဖြစ် သတ်မှတ်ပြီး ကျောင်းတွေ ရုံးတွေကို ပိတ်ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ