ကြားဖြတ်ရွေးကောက်ပွဲ နီးမှ မဲဆန္ဒနယ် တစ်ခုကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ချင်းခေါင်းဆောင် ဝေဖန်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ကြိုဆိုနေတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်း စုကြည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၂၆ ရက်နေ့က သွားရောက်ခဲ့ပါတယ်။

ချင်းပြည်နယ် တောင်ပိုင်းက ကန်ပက်လက် မြို့ဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်မြေ ၁၃ ခု ထဲမှာ ပါဝင်တဲ့ အတွက် အာဏာရ ပါတီရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုလို အချိန်မှာ အချိန်ကိုက် မသွားသင့်ဘူးလို့ ဝေဖန်သံတွေ ပေါ်ထွက်နေတဲ့ကြားက သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် သွားရောက်တာလို့ အစိုးရ ဘက်က ပြောနေတဲ့ နေ့ချင်းပြန် ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ အမွေအနှစ် ဥယျာဉ် ဖြစ်တဲ့ ခေါ်နူးစုမ် အမျိုးသား ဥယျာဉ်ကို သွားရောက်ခဲ့တဲ့ အပြင် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကို ကြည့်ရှုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor
Image caption အာဆီယံ အမွေအနှစ် ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကို ဒေါ်အောင်ဆန်းစုကြည်သွားခဲ့

မနက် ၉ နာရီကျော်က ကန်ပက်လက်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို သက်ဆိုင်ရာ အစိုးရ တာဝန်ခံတွေနဲ့ ဒေသခံ ချင်းတိုင်းရင်းသားတွေက ကြိုဆို ခဲ့ကြပြီးနောက် ဝိတိုရိယတောင်ပေါ်လည်း သွားရောက်ခဲ့တယ်လို့ ချင်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပါတယ်။ ဝိတိုရိယတောင်ကို နတ်မတောင် (ခေါ်နူးစုမ်) တောင်လို့လည်း ခေါ်ပါတယ်။

သစ်တောဦးစီးဌာန တာဝန်ခံတွေက ရှင်းလင်းပြောပြခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကလည်း ချင်းပြည် နယ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြောခဲ့တယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ဟာ နိုင်ငံတော် အကြီးအကဲရဲ့ခရီးစဉ် ဖြစ်တဲ့ အတွက် လူထုနဲ့သီးခြားတွေ့ဆုံတာ မရှိခဲ့ဘဲ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံတွေ အနေနဲ့ အစိုးရပိုင်းက လုပ်ပေး စေချင်တာ တွေကို ရေးထားတဲ့ စာအုပ်ကို ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်အဖွဲ့ထံ ပေးခဲ့တယ်လို့လည်း ဦးအောင်သန်းက ပြောပါတယ်။

ချင်းတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးနိုထမ်ကပ်ကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ဟာ မဲဆွယ် စည်းရုံးရေး အတွက်လာတာလို့ မဟုတ်ဘူး ပြောပေမဲ့ အခု အချိန် ရွေးကောက်ပွဲ နီးမှ လာတာဟာ အဲဒီ အတွက် လာတာ လို့ပဲထင်မြင်ကြောင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ရိုးရာလက်မှုအစ္စည်းတွေကိုလည်း သွားကြည့်ခဲ့

သူ့အနေနဲ့ နိုင်ငံတော် အကြီးအကဲ အရှိန်အဝါသုံးတယ်လို့ ထင်မြင်တဲ့အတွက် ဘဝင်မကျကြောင်းလည်း ပြောပါတယ်။

ကန်ပက်လက် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကွယ်လွန် သွားလို့ လစ်လပ်နေတဲ့ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ချင်းတိုးတက်ရေး ပါတီနဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီတို့က ကိုယ်စားလှယ်တွေ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ကလည်း အမျိုးသားလွှတ်တော် နေရာ လစ်လပ် နေတဲ့ မြစ်ကြီးနား မဲဆန္ဒနယ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့တဲ့အတွက် အတိုက်ခံ ပါတီတွေက ဝေဖန် ခဲ့ကြပါတယ်။