ဟောင်ကောင်တက္ကသိုလ်တွေက မြန်မာကျောင်းသားတွေကို ပညာသင်ဆု ပေးတော့မယ်

ဓာတ်ပုံ မူပိုင် The University of Hong Kong - HKU - 香港大學
Image caption ဟောင်ကောင်နဲ့မြန်မာအကြား အစိုးရချင်းချိတ်ဆက်ပြီး ပညာသင်ဆုပေးသွားမှာဖြစ်

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ပညာရေးဦးစီးဌာနနဲ့ မြန်မာဘက်က ပညာရေးဝန်ကြီးဌာန တို့အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ၂၆ရက်နေ့က ချုပ်ဆိုခဲ့ကြပါ တယ်။

ဒီပူးပေါင်းဆောင်ရွက်မှုအရ လာမယ့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်ကစပြီး ထူးချွန်တဲ့ မြန်မာကျောင်းသား တွေကို ဟောင်ကောင် တက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့် Belt & Road ပညာသင်ဆု ပေးသွားမှာ ဖြစ်တယ်လို့ တရုတ်သတင်းဌာန စီအာအိုင်ကနေ ဖော်ပြထားပါတယ်။

' ' နားလည်မှုစာချွန်လွှာထိုးတဲ့နေရာမှာတော့ အသေးစိတ်အချက်အလက်တွေဖော်ပြလေ့မရှိဘူး။ အခုက မြန်မာကျောင်းသားတွေကို ပညာသင်ဆုတွေပေးမယ့် အစီအစဉ်ဖြစ်မှာပါ။ အများအားဖြင့် ဟောင်ကောင်က တက္ကသိုလ်တွေက တရုတ်အောက်မှာရှိတယ်ဆိုပေမယ့် နှစ်ပေါင်းများစွာ ယူကေစနစ်အောက်မှာ ဖွံ့ဖြိုးလာ တဲ့ ဒေသဖြစ်နေတော့ ဒီကကျောင်းသားတွေအတွက် အရည်အသွေးမှီတဲ့ ပညာရေး၊ နိုင်ငံတကာအဆင့်မှီ ကျောင်းတွေမှာတက်ခွင့်ရမှာပေါ့။ ဟောင်ကောင်တက္ကသိုလ်တွေက ယူကေစံညွှန်းအတိုင်းသွားတာ။ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာလည်း ကောင်းတဲ့ထဲမှာပါတယ်။ ဒီလိုကျောင်းတွေမှာ သင်ကြားခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက်တော့ အခွင့်အရေးကောင်းတစ်ခုပါပဲ။'' လို့ ဟောင်ကောင်နဲ့ မြန်မာအကြားပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပေါ် ပညာရေးဝန်ကြီးဌာနသုတေသနနဲ့ လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကဘီဘီစီကို ပြောပြ ပါတယ်။

ဓာတ်ပုံ မူပိုင် Jeffrey Greenberg/UIG via Getty Images
Image caption ဟောင်ကောင်တက္ကသိုလ်တစ်ခုရဲ့ စာကြည့်တိုက်

ပညာရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် အရင်ကတည်းက တရုတ် ၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံတွေနဲ့ ဆောင်ရွက်တာတွေရှိခဲ့တဲ့အပြင် အခုအစိုးရသစ်လက်ထက်မှာတော့ အနောက်နိုင်ငံတွေကပါ အစိုးရချင်းချိတ်ဆက်ပြီး ပညာသင်ဆုတွေပေးလာ တယ်လို့လည်း ဦးကိုလေးဝင်းကပြောပါတယ်။

' ' စကော်လားရှစ်တွေ ပေးတာကတော့ အရင်အစိုးရလက်ထက်ကတည်းကရှိတယ်။ ဂျာမနီ ၊ ယူကေ ၊ ယူအက်စ် အကုန်ပေးနေတာတွေရှိနေတာပဲ။ ဒါပေမယ့် အနောက်နိုင်ငံတွေကတော့ အစိုးရဝန်ထမ်းတွေကို အရင်ကသိပ်မပေးဘူး။ အခုကတော့ G to G ချိတ်ပြီးပေးတာတွေလည်းရှိလာတယ်။ G to G ကတော့ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို အဓိကရွေးချယ်ပြီး စေလွှတ်တာများတယ်။ ပေးတဲ့ ပညာသင်ဆု အလိုက် လုံခြုံရေးပိုင်းဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းတွေကို ရွေးချယ်တာမျိုးပေါ့။ ပညာသင်ဆု အတွက် စိစစ်ရွေးချယ်တဲ့ကော်မတီရှိပါတယ်။ အဲဒီကော်မတီကနေ စိစစ်ပြီး ရွေးချယ်စေလွှတ်တာပါ။

ဟောင်ကောင်နဲ့ မြန်မာအကြား အခုပူးပေါင်းဆောင်ရွက်သွားမယ့် ပညာရေးဆိုင်ရာ သဘောတူညီမှုဟာ အစိုးရအချင်းချင်းကြား သဘောတူညီမှုဖြစ်တာကြောင့် ပညာသင်ဆုတွေဟာလည်း ဝန်ကြီးဌာနတွေ အောက်က အစိုးရဝန်ထမ်းတွေ အတွက်သာအခွင့်အလမ်းပိုရရှိနိုင်တဲ့အခြေအနေရှိနေတာလည်းဖြစ်ပါ တယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိုဘီဂျီနို ဟန်ဂေရီက မြန်မာကျောင်းသား

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ