လတ်တလောငြိမ်းချမ်းရေးပွဲတွေမှာ ကေအဲန်ယူ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်

ဓာတ်ပုံ မူပိုင် THET AUNG/AFP/GETTY
Image caption ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ကေအဲန်ယူဥက္ကဌ

ကရင်အမျိုးသားအစည်းအရုံး ကေအန်န်ယူ အနေနဲ့ လတ်တလောငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်ပါဝင်မှုကို ယာယီဆိုင်းငံ့ထားမယ်ဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလိပ်မူပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အကြောင်းကြားစားပေးပို့လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်န်ယူအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့တဲ့ အောက်တိုဘာ ၁၅နဲ့ ၁၆ ရက်တွေမှာ (၂)ရက်တာ နေပြည်တော် ထိပ်သီးဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကို အဖွဲ့အတွင်း ပြန်လည်ချပြဆွေးနွေးပြီး ညှိနှိုင်းအတည်ပြုတာတွေ မလုပ်နိုင်သေးတာကြောင့်ဆို လတ်တလောငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မတက်ရောက်နိုင်သေးဘူးလို့ အကြောင်းကြားမှာဖော်ပြခဲ့ပါတယ်။

' ' အောက်တိုဘာ ၁၅၊၁၆ ကဆွေးနွေးပွဲသဘောထားတွေကို ဗဟိုကော်မတီမှာ ပြန်ချပြမယ်။ ဗဟို ကော်မတီမှာ အမြင်သဘောထားတွေကို ပြန်စုစည်းမယ်။ ကေအဲန်ယူရဲ့သဘောထားအနေနဲ့ချမှတ်မယ်။ ဆုံးဖြတ်မယ်။ အဲအပေါ်မှာ ကိုင်စွဲပြီးတော့မှ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ကိုင်စွဲပြီးတော့ဖော်ဆောင် သွားမယ်။'' လို့ ကေအန်န်ယူရဲ့အကြောင်းကြားစာအပေါ် ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောပါ တယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း

နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကေအန်န်ယူခေါင်းဆောင်တွေ ၃ ပွင့်ဆိုင် သီးသန့်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

ကေအန်န်ယူဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ကတော့ ထိပ်သီးတွေ့ဆုံပွဲက ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးနိုင်ဘူးလို့ ပြောဆိုပါတယ်။

' ' အဲဒီလိုဖြစ်လာရင် ခေါင်းဆောင်တွေဆွေးနွေးကြရဦးမှာပဲ။ ပြီးခဲ့တဲ့ တွေ့ဆုံပွဲမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ပြောတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ NLD ရဲ့မူဖြစ်တယ်။ အခုဒီနေ့ လည်း ပြင်ဆင်ဖို့ဆိုတာကိုလက်ခံလာကြပြီ။ တိုင်းရင်းသားတွေကိုလည်း ဒီမိုကရေစီဖက်ဒရယ်ကိုသွားဖို့က ဒီဖွဲ့စည်းပုံကို မဖြစ်မနေပြင်ရမယ်ဆိုတာ အားလုံးလက်ခံနိုင်တယ်။ အရင်တစ်ဆို့နေတယ်ဆိုတဲ့ကိစ္စတွေကို ညှိနှိုင်းတဲ့အခါမှာ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် နဂိုထက်တော့အများကြီးတိုးတက်တယ်လို့ ကျွန်တော်တို့သုံးသပ်ကြပါတယ်။''လို့ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကေအန်န်ယူဘက်က မပါဝင်နိုင်သေးဘူးဆိုတဲ့အပေါ် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က အဖွဲ့ဝင် ဦးအောင်စိုးကဘီဘီစီကိုပြောပါ တယ်။

ကေအန်န်ယူအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ယာယီမတက်ရောက်နိုင်ဘူးဆိုတာဟာ အစိုးရ တပ်မတော် ကိုယ်စားလှယ်တွေပါဝင်တဲ့ ဆွေးနွေးပွဲတွေပဲ ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ကေအန်န်ယူဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အဖွဲ့အစည်းတခုလုံး တညီတညွတ်တည်း ပါဖို့အရေး ဆွေးနွေးမှုတွေမှာ လုံလောက်တဲ့အချိန်တခုရဖို့လိုတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ထားပါတယ်။