လာမယ့် ၂၀၂၀မှသာ အစိုးရအာဏာရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာနိုင်ဖွယ်ရှိ

အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်ကိုယုံကြည်ကြောင်းထောက်ခံပွဲတစ်ခုမှာတွေ့ရတဲ့ ကလေးငယ်တစ်ဦး ဓာတ်ပုံ မူပိုင် Lauren DeCicca/GETTY
Image caption အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်ကိုယုံကြည်ကြောင်းထောက်ခံပွဲတစ်ခုမှာတွေ့ရတဲ့ ကလေးငယ်တစ်ဦး

လာမယ့် ၂၀၂၀ မှာ အစိုးရ အာဏာရှိသူတွေ ပိုင်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းတွေကို ကြေညာနိုင်ဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်နေတယ်လို့ ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်က ဘီဘီစီကိုပြောပါတယ်။

' ' ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေလည်းကျင်းပထားပြီးသား။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအခန်း ၈ မှာလည်း ပြဋ္ဌာန်းထားပြီးသားပါ ။ အဲဒါနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်တဲ့အပိုင်း၊ ပိုင်ဆိုင်မှုတွေ ကြေညာလွှာတို့ ဒါတွေနဲ့ပတ်သက်တာတွေ ဆောင်ရွက်နေတယ်။ database စနစ်တို့ ဒါတွေ တော်တော်များများ ဆောင်ရွက်ရဦးမယ်။ အချိန်ယူရဦးမယ့် အနေအထားပါ။''လို့ အစိုးရအာဏာရှိသူတွေရဲ့ ပိုင်ဆိုင်မှု ကြေညာနိုင်ဖို့ လုပ်ဆောင်နေမှုအပေါ် ဦးသန့်ဇော်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီးတွေ အပါအဝင် ထိပ်တန်းအစိုးရအရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စာရင်းပြုစုပြီး ချိတ်ပိတ်တင်ပြဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဘက်က ထုတ်ပြန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့်လည်း ပြည်သူကို တရားဝင်ချပြတာမျိုးတော့ မရှိခဲ့ပါဘူး။

ဒီစနစ်ကို လက်ရှိအစိုးရသက်တမ်းကုန်ဆုံးမယ့် ၂၀၂၀ ခုနှစ်လောက်မှာတော့ စတင်နိုင်ဖွယ်ရှိတဲ့ အကြောင်းကို

' ' ဒီစနစ်ကို စတင်နိုင်ပြီဆိုရင် သက်ဆိုင်ရာဌာနတွေမှာ လုပ်ပိုင်ခွင့်အာဏာရှိသူအမည်စာရင်း ထုတ်ပြန်မှာပေါ့။ အဲဒါတွေလည်းလုပ်မှာပါ။ အခုလောလောဆယ်က အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တာ၊ လိုအပ်တဲ့ ကြေညာလွှာပုံစံတွေလုပ်နေတယ်။ အခုက စတုတ္ထအကြိမ် ဥပဒေပြင်ဆင်ပြီးလို့ နည်းဥပဒေဆွဲနေတယ်။ နည်းဥပဒေ ရေးဆွဲပြီးတဲ့အချိန်ကြရင် ပုံစံတွေလည်းပါလာမယ်။ လုပ်ဆောင်နေဆဲပါပဲ။ ၂၀၂၀ လောက် တော့ စနိုင်မယ်လို့ မျှော်မှန်းထားတယ်။ တခြားအလုပ်တွေလည်း တချိန်တည်းတပြိုင်တည်း လုပ်နေတာ တွေလည်းရှိသေးတယ်'' လို့ ဦးသန့်ဇင်ကပြောပြပါတယ်။

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ ပိုင်ဆိုင်မှု တွေပါတီကို ချပြတာမျိုးတွေ လုပ်ဆောင်ခိုင်းခဲ့ပေမယ့် ရွေးကောက်ပွဲမှာအနိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်ကနေ အခုထိတော့ အစိုးရတာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို တရားဝင်ချပြတာမျိုး မရှိသေးဘူး ဖြစ်ပါတယ်။