ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာမယ်

ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေဆို ဓာတ်ပုံ မူပိုင် DIBYANGSHU SARKAR/AFP/Getty
Image caption ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေဆို

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ဦးမြင့်သူဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပြီး မွတ်ဆလင်ဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှာ ဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ပူးတွဲလုပ်ငန်းကော်မတီအဖွဲ့ (Joint working committee) ဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာကိုရောက်ရှိခဲ့ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာထိုးပြီးသဘောတူထားတဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စတွေ ကိုဆွေးနွေးဖို့ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံအသိုင်းအဝန်းအားလုံးအပေါ် သက်ရောက်မှုရှိခဲ့ပြီး ဒုက္ခသည်တွေပြန်လက်ခံရေးကို မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။

' ' ကျွန်နော်တို့ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်တဲ့နောက်ပိုင်းကစလို့ ဖြစ်ပေါ်ခဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့၊ လုံခြုံစိတ်ချရမှုနဲ့ ယုံကြည်မှု တည်ဆောက်တာတွေလည်းလုပ်ရမယ်။ တဘက်မှာလည်း ဒေသဖွံ့ဖြိုးရေးတွေလုပ်ရမယ်။ မွန်းကြပ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေကို ပွင့်လင်းလာအောင် ကျွန်တော်တို့လုပ်ရမယ်။ ဒါတွေအကုန်လုံးလည်း ကျွန်တော်တို့အစိုးရကနေ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပူးတွဲလုပ်ငန်းကော်မတီအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက IDP စခန်းတွေကိုသွားကြည့်မှာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို စွန့်ခွာသူတွေကိုပြန်ပြီးလွှဲပြောင်းပေးဖို့ကိစ္စတွေကို ဒီခရီးစဉ်မှာ ဆွေးနွေးမယ်''လို့ ဦးဇော်ဌေးက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာတွေကို လူမနေတဲ့ ကျွန်းကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကဆိုပါတယ်။ ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက စီစဉ်နေပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ အစိုးရအစီအစဉ်နဲ့ပြန်မလာပဲ တရားဝင်လမ်းကြောင်းကနေ ပြန်ဝင်လာသူကလည်းအနည်းငယ်ပဲရှိပါတယ်။

အောက်တိုဘာလ ၂၄ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေး မှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ခေါင်းဆောင် မာဇူးကီး ဒါရူစမန် က ရိုဟင်ဂျာတွေထောင်နဲ့ ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ခုချိန်ထိထွက်ပြေးနေကြဆဲဖြစ်ပြီးထွက်မပြေးဘဲ ကျန်နေခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ အဆိုးဝါးဆုံးကန့်သတ်ချုပ်ချယ်မှုတွေ၊ နှိပ်ကွပ်မှုတွေနဲ့ ဆက်ရင်ဆိုင် နေကြရတယ်လို့ ပြောကြားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

ဆက်စပ် အကြောင်းအရာများ