ရိုဟင်ဂျာ ဒုက္ခသည် နှစ်ထောင်ကျော် နိုဝင်ဘာလလယ် ပြန်ဝင်လာဖို့ရှိနေ

Image caption ဘာလုခါလီစခန်းက ဂျပ်စမင်နဲ့ သားငယ်

ရိုဟင်ဂျာ ဒုက္ခသည် နှစ်ထောင်ဝန်းကျင်ကို လာမယ့် နိုဝင်ဘာ လလယ်မှာ ဘင်္ဂလားဒေ့ရှ် ကနေ မြန်မာဘက်ကို ပြန်လည် လွှဲပြောင်း လာဖို့ရှိတယ်ဆိုပြီး နှစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာဘက်က လက်ခံနိုင်ကြောင်း စိစစ်ထားတဲ့ လူစာရင်းထဲကနေ ပထမဆုံး အသုတ် အနေနဲ့ လူ နှစ်ထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်က ပြန်လွှဲပေးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရတစ်ယောက် ဖြစ်တဲ့ ဦးစိုးဟန်က ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီ လူ နှစ်ထောင်ကျော် လွှဲပြောင်းရေးသာ တကယ်တမ်း အထမြောက်လာရင် ဒါဟာ နှစ်နိုင်ငံ အစိုးရကြား နှောင့်နှေးကြန့်ကြာ နေတဲ့ ဒုက္ခသည် လွှဲပြောင်းရေး လုပ်ငန်းစဉ် စတင် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ပူးတွဲ လုပ်ငန်းကော်မတီအဖွဲ့ ဒါကာမြို့မှာ ရောက်နေပြီး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာတွေကို လူမနေတဲ့ ကျွန်းကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

အောက်တိုဘာ ၃ဝ ရက်၊ အင်္ဂါနေ့ ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုက္ခသည် လွှဲပြောင်းရေး ပထမ အဆင့်ကို နိုဝင်ဘာလထဲ စတင်ဖို့ စီမံ ပြင်ဆင် ထားတယ် ဆိုပြီး နှစ်ဘက်စလုံးက ပြောလာပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ဘယ်နေ့ဘယ်ရက်လည်း ဆိုတဲ့ ရက်စွဲ အတိအကျမျိုးကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ရာ နိုင်ငံရေး စိတ်ဆန္ဒ သဘောထားမျိုး မြန်မာ အစိုးရမှာ ရှိတယ်လို့ ဦးမြင့်သူက ပြောပြီး ဒုက္ခသည်တွေ အပေါ် ခွဲခြားဆက်ဆံတာမျိုးတွေ မပြုမူအောင် ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် မြန်မာဘက်က ဝန်ထမ်းတွေကို လိုအပ်တဲ့ လေ့ကျင့် သင်ကြားမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။

ဦးမြင့်သူနဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည် စခန်းတွေထဲထိ သွားမယ်လို့ မြန်မာအစိုးရက ထုတ်ပြန် ထားပါတယ်။

Image caption သူတို့ သဘောဆန္ဒအတိုင်းသာ ပြန်ဖို့ အရေးကြီးကြောင်း ကုလပြော
Image caption ဒုက္ခသည်စခန်းမှာ အများအပြားက လူငယ်နဲ့ ကလေးငယ်တွေ ဖြစ်
Image caption ဘာလုခါလီ စခန်းက ကလေးငယ်

ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့ သဘောဆန္ဒပါမှသာ ပြန်လာဖို့ ဆိုတဲ့ အချက်က အရေးကြီးဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောနေပြီး ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးရမယ်လို့လည်း မြန်မာ အစိုးရက တိုက်တွန်း ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ပေးထားတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရုဇ်မန်ကတော့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုဟာ အခုအချိန်ထိ ဆက်လက် ဖြစ်နေတယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ လုံခြုံရေးကောင်စီ ရှေ့မှောက် ပြောဆို ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဆိုတာထက် ပိုမို ဆိုးရွားပြီး မျိုးနွယ်စု တစ်ခုလုံးကို လူ့ အဝိုင်းအဝန်းကနေ ဆွဲထုတ်ဖို့ ပြုမူ ခဲ့တာဖြစ်တယ်လို့ မစ္စတာ ဒါရုဇ်မန်က ထွက်ဆိုထားပါတယ်။

Image caption လူသိန်းပေါင်းများစွာ ထွက်ပြေးခဲ့ရ

အခုပြန်ပို့မယ့် လူနှစ်ထောင်ကျော်ကတော့ မြန်မာနိုင်ငံကို ပြန်လာချင်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကနေ တဆင့် အကြောင်းကြားထားတဲ့ သူတွေထဲက ဖြစ်ပြီး၊ မြန်မာဘက်ကလည်း လက်ခံနိုင်ကြောင်း စိစစ်ထားနှင့်ပြီးသူတွေ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒါ့အပြင် ဒုက္ခသည် ပြန်လည်လက်ခံရေးမှာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း မြန်မာဘက်က သဘောတူထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ် ရဲကင်းတွေ ချိန်ကိုက် တိုက်ခိုက် ခံခဲ့ရပြီး မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးတုံ့ပြန်မှုတွေ အတွင်း ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ် ထားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

၂ဝ၁၇ ဩဂုတ်လ အဖြစ်အပျက်တွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး သွားကြရတဲ့ ရိုဟင်ဂျာ အရေအတွက် ၇ သိန်း ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

အဲဒီ ဒုက္ခသည်တွေ ပြန်လည် လွှဲပြောင်းရေး အတွက် နှစ်နိုင်ငံကြား သဘောတူထား ခဲ့ကြပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်မလာပဲ တစ်နှစ်ကျော် ကြန့်ကြာနေရာကနေ အခုလို လူ နှစ်ထောင်ကျော် အစုအလိုက် အပြုံလိုက် ပထမဆုံး အနေနဲ့ ပြန်ပို့မယ် ဆိုတဲ့ သဘောတူမှုမျိုး ရှိလာတာ ဖြစ်ပါတယ်။