မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ဆိုတာ ဘာလဲ

GSP

ဓာတ်ပုံ ရင်းမြစ်, AFP/Gettys

ဓာတ်ပုံ ပုံစာ,

၂၀၁၃ GSP အခွင့်အရေး ပြန်ရပြီးတဲ့နောက် အထည်ချုပ်လုပ်ငန်းမှာ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ခဲ့

GSP ဆိုတာ ဘာလဲ

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ တင်သွင်းတဲ့အခါမှာ တင်သွင်းခွန် နည်းနည်း (ဒါမှမဟုတ်) တင်သွင်းခွန် လုံးဝကင်းလွတ်ခွင့်နဲ့ တင်သွင်း နိုင်အောင် ဥရောပသမဂ္ဂက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကုန်သွယ်မှု အထူးအခွင့်အရေး (Generalised Scheme of Preferences: GSP) ကို ပေးအပ်လေ့ရှိပါတယ်။

ဥရောပ သမဂ္ဂ က ဖွံ့ဖြိုးဆဲနိုင်ငံတွေ တိုးတက်လာအောင်ရည်ရွယ်ပြီး အခုလို ပေးတဲ့ အထူးအခွင့်အရေး GSP ကို ဖွံ့ဖြိုးဆဲနိုင်ငံတခု ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ကို စစ်အစိုးရ အုပ်ချုပ်နေတဲ့ ၁၉၉၇ မှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု တွေကြောင့် ဥရောပ သမဂ္ဂ က အဲဒီအထူးအခွင့်အရေး ကို ပြန်ရုပ်သိမ်း ထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး တွေ စတင်နေပြီလို့ ဥရောပသမဂ္ဂက မြင်လာတဲ့ ၂၀၁၃ မှာတော့ သူတို့ အရေးယူဆောင်ရွက်ချက်တွေ လျော့ချပယ်ဖျက်ပေးတဲ့အထဲ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ပြန်လည် ပေးအပ်တာလည်း ပါဝင်ပါတယ်။

ပုံမှန်အားဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အဝတ်အထည်လိုကုန်ပစ္စည်းကို တင်သွင်းမယ်ဆိုရင် တင်သွင်းမယ့် နိုင်ငံအပေါ်မူတည်ပြီး တင်သွင်းခွန်က ၈ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ ပေးရတာပါ။

GSP ကနေ မြန်မာအတွက် အကျိုးအမြတ် ဘယ်လောက်ရနေလဲ

မြန်မာနိုင်ငံတွင်ထုတ်လုပ်တဲ့ (Made in Myanmar) ထုတ်ကုန်တွေ ဥပမာ - ချုပ်ပြီး အဝတ်အထည်၊ ဖိနပ်တွေ၊ ငါးပုဇွန်နဲ့ ရေထွက်ကုန်တွေ စတာတွေ ကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တင်သွင်းရင် တင်သွင်းခွန် 0 % သုည ရာခိုင်နှုန်းပဲ ပေးရတဲ့ အတွက် အခြား နိုင်ငံတွေနဲ့ ယှဉ်ပြိုင် တင်သွင်းနိုင်စွမ်း အခွင့်အလမ်း အားကောင်းစေခဲ့ပါတယ်။

ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကြောင့် ဥရောပ သမဂ္ဂနိုင်ငံ ကို တင်သွင်းမယ့် ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံမှာ လာရောက်ထုတ်လုပ်ရေးအတွက် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတာတွေလည်း တိုးပွားစေပါတယ်။

ဥရောပသမဂ္ဂ က ထုတ်ပြန်ချက်တွေအရ ၂၀၁၇ မှာ မြန်မာနိုင်ငံကနေ ဥရောပသမဂ္ဂနိုင်ငံတွေကို တင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး ပမာဏ က ယူရို ၁၅၄၉ သန်းရှိပြီး အဲဒီထဲမှာ အထည်ချုပ် လုပ်ငန်း ထုတ်ကုန်တွေ က ၇၂ ရာခိုင်နှုန်း (ယူရို ၁၁၁၅ သန်း) ပါဝင်ပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်း က ထုတ်လုပ်တဲ့ကုန် ၇၀ ရာခိုင်နှုန်းဟာ လည်း ဥရောပသမဂ္ဂ နိုင်ငံတွေ ကို သွားနေတာကြောင့် မြန်မာပြည်က အထည်ချုပ်အလုပ်သမား ၅ သိန်းကျော် ရှိတဲ့အထဲ အလုပ်သမား ၃ သိန်းခွဲကျော် ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ကို တင်သွင်းတဲ့ အထည်တွေ ကို ထုတ်လုပ်ပေးနေကြတာလို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေ လည်း ဥရောပသမဂ္ဂ က ပေးတဲ့ အထူးအခွင့်အရေး GSP ကို ရရှိထားတာပါ။

ရှေ့မှာ မြန်မာအတွက် GSP ဘာဖြစ်လာနိုင်လဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဥရောပသမဂ္ဂအနေနဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ပေးအပ်ရာမှာ သက်ဆိုင်ရာ ဖွံ့ဖြိုးဆဲ နိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအခြေအနေ၊ အလုပ်သမား အခွင့်အရေး၊ အလုပ်သမားတွေရဲ့ လူမှုဘဝ တိုးတက်မှုအခြေအနေ စတာတွေကိုလည်း ဆန်းစစ် သလို၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအခြေအနေတွေကိုလည်း ဆန်းစစ် ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး အကြီးအမား ချိုးဖောက်ခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက် စုဆောင်းတာတွေ စတင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဥရောပသမဂ္ဂ က စေလွှတ်တဲ့ ကော်မရှင် တခု မြန်မာနိုင်ငံ ကို ရောက်လာခဲ့ပြီး မြန်မာ အလုပ်သမားတွေရဲ့ အခြေအနေတွေ ကို စုံစမ်းတာတွေ လုပ်ဆောင်ခဲ့သလို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း သူတို့ စုံစမ်းဦးမှာပါ။

အဲဒီ စုံစမ်းမှုတွေလုပ်ဆောင်ပြီး ရရှိတဲ့အချက်အလက်တွေကို ဥရောပ ပါလီမန်ကို တင်ပြပြီးတဲ့နောက်မှာတော့ ပါလီမန် က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥရောပ ပါလီမန်က ဆုံးဖြတ်တဲ့အထဲ မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ရုပ်သိမ်းမယ်၊ မရုပ်သိမ်းဘူးဆိုတာလည်း ပါဝင်နိုင်ပါတယ်။

မြန်မာကို ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP နဲ့ပတ်သက်ပြီး ဥရောပ သမဂ္ဂ က ဆုံးဖြတ်တာ၊ အရေးယူဆောင်ရွက်မယ့် လုပ်ငန်းစတင်တာ စတာတွေအတွက် ၆ လ နဲ့ ၁ နှစ် ကာလအတွင်း ကြာမြင့်နိုင်တယ် လို့ အဲဒီ ကော်မရှင်နဲ့ တွေ့ဆုံခဲ့တဲ့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။

ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာအလုပ်သမားတွေရဲ့အခြေအနေ ကို ကျေနပ်နိုင်လောက်ပေမယ့် လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်အောင် အဲဒီကာလအတွင်း မြန်မာနိုင်ငံအနေနဲ့ ပြသနိုင်မှသာ ကုန်သွယ်မှု အထူး အခွင့်အရေး GSP ရုပ်သိမ်းခံရမယ့် အရေးကနေ ရှောင်လွှဲနိုင်လိမ့်မယ်လို့ တွက်ဆနေကြ ပါတယ်။