အောက်တိုဘာ ၃၁ ရက်မနက်ပိုင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် ပုည နန္ဒ
Image caption ရှမ်း တောင်နဲ့မြောက်အဖွဲ့တွေကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လားရှိုးမြို့ပေါ်ကိုတိမ်းရှောင်လာကြတဲ့ဒေသခံတွေ

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလက်နက်ကိုင် ၃ဖွဲ့ ဒီနေ့ တွေ့ကြမယ်

အစိုးရ ငြိမ်းချမ်းရေးကော် မရှင်နဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တို့ ဒီကနေ့ အောက်တိုဘာ ၃၁ ရက် နေ့မှာတွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့မတွေ့ဆုံမီ မြောက်ပိုင်းအဖွဲ့တွေထဲက တအာင်းအဖွဲ့ (TNLA)၊ ကိုး ကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနဲ့ မနေ့က အောက်တိုဘာ ၃၀ ရက်နေ့က တရုတ် နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ ကရင် အမျိုးသားအစည်းအရုံး ကေအဲန်ယူဘက်ကတော့ လတ်တလော အစိုးရနဲ့ တွေ့ဆုံသွားမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ယာယီအားဖြင့် မပါဝင်နိုင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Ye Aung Thu/AFP/Getty Images
Image caption ဖားကန့်ဒေသမှာ ရေမဆေး ကျောက်ရှာရင်းမြေစာပုံပြိုကျလို့ မကြာခဏဆိုသလို လူသေဆုံးမှုတွေရှိနေ

ဖားကန့်မှာ မြေစာပုံပြိုကျလို့ အမျိုးသမီး ၂ ဦးသေဆုံး

ကချင်ပြည်နယ်က ဖားကန့်ဒေသမှာ အောက်တိုဘာ ၃၀ရက်နေ့က မြေစာပုံပြိုကျလို့ အမျိုသမီး ၂ဦးသေဆုံးခဲ့ပါတယ်။အဆိုပါအမျိုးသမီး ၂ဦးဟာဈေးရောင်းနေရင်း မြေစာပုံပြိုကျလာလို့သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ မြေစာပုံပြိုကျလို့ မကြာခဏဆိုသလို လူသေဆုံးမှုတွေရှိနေပြီး အများအားဖြင့် ရေမဆေး ကျောက်ရှာရင်း အမျိုးသားတွေသေဆုံးတာကအများဆုံးဖြစ်ပါတယ်။

ကျောက်စိမ်းအဓိက ထွက်ရှိရာ ဖားကန့် လုံးခင်းဒေသက ကျောက်စိမ်းလုပ်ကွက်ပေါင်း ၇ ထောင်ကျော် ရှိပြီး ၄၆၀၀ ကျော် ဟာ လက်ရှိ NLDအစိုးရ လက်ထက်မှာ လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနကတော့ သက်တမ်းကုန်ဆုံးပြီးသား ကျောက်စိမ်းလုပ်ကွက်တွေထဲက အသေးစား နဲ့ လက်လုပ်လက်စား လုပ်ကွက်တချို့ ပြန်ချပေးနေပေမယ့် အကြီးစား နဲ့ အလတ်စား လုပ်ကွက်တွေကိုတော့ ကျောက်မျက် နည်းဥပဒေသစ်ထွက်ရှိလာပြီးမှပဲ တင်ဒါခေါ် လုပ်ကိုင်ခွင့်ချပေးမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နိုဝင်ဘာ ၃ရက်နေ့ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက ၁၀ဖွဲ့ကျော်နဲ့သံရုံး ၂၂ ရုံးကစောင့်ကြည့်လေ့လာမယ်

လာမယ့် နိုဝင်ဘာ ၃ရက်နေ့မှာကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပက အဖွဲ့ အစည်း ၁၄ ဖွဲ့နဲ့ နိုင်ငံတကာသံရုံး ၂၂ ရုံးက ကိုယ်စားလှယ်တွေ စောင့်ကြည့် လေ့လာသွား ဖို့ရှိ တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေသိရပါတယ်။

အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါတီ အသီးသီး က ကိုယ်စားလှယ်လောင်း တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ စုစုပေါင်း ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

လစ်လပ်တဲ့ မဲဆန္ဒနယ်ပေါင်း (၁၃) နေရာရှိပြီး အမျိုးသား လွှတ်တော် (၁) နေရာ၊ ပြည်သူ့ လွှတ်တော် (၄) နေရာ၊ တိုင်း လွှတ်တော် အသီးသီး ကိုယ် စားလှယ် (၇) နေရာ နဲ့ ရှမ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး (၁) နေရာ အတွက် ရွေးချယ် ခံကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့ရဲ့ ၇၅ ရာခိုင်နှုန်း ရေအောက်ရောက်နေ

နာမည်ကျော် ဗင်းနစ်မြို့တော်ဟာ လေပြင်းမုန်တိုင်းကျလို့ နေရာအတော်များများ ရေကြီးနစ်မြုပ်နေ

ကမ္ဘာလှည့်ခရီးသည်တွေ အသွားများပြီး တူးမြောင်းမြို့တော်လို့ တင်စားခေါ်ကြတဲ့ ဗင်းနစ်မြို့မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်း ရေအောက်ရောက်နေတယ်လို့ ဗင်းနစ် အာဏာပိုင်တွေက ပြောပါတယ်။

အီတလီမှာ လေပြင်းမုန်တိုင်းကျပြီး မိုးကြီးခဲ့လို့ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ဘက်နယ်တွေမှာ အနည်းဆုံး လူ ၁ဝ ယောက် သေဆုံး ခဲ့ရပါတယ်။

တာရာချီနာဆိုတဲ့ ကမ်းရိုးတမ်းမြို့မှာဆိုရင် တစ်နာရီကို မိုင် ၁၁ဝ အထိ ပြင်းတဲ့ လေဆင်နှာမောင်း နှစ်ခု ဖြတ်ဝင်သွားတဲ့ အတွက် လူတွေ သေကြေ ဒဏ်ရာ ရခဲ့သလို၊ အပျက်အစီး ကြီးမားခဲ့ပါတယ်။

ယီမင်မှာ အပစ်အခတ်ရပ်စဲရေးကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဖို့ အမေရိကန်တိုက်တွန်း

ယီမင်နိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို မြန်မြန်ဆန်ဆန်ဖော်ဆောင်ကြဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင် မက်ထစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုတို့က တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ မက်ထစ်ကတော့ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေသူအားလုံး ဗုံးကြဲနေတာတွေကို ၃ ရက်အတွင်း အဆုံးသတ်ပြီး ညှိနှိုင်းဆွေးနွေးရေးစားပွဲဝိုင်းကိုလာဖို့ အမေရိကန်ကဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ယီမင်ပြည်တွင်းစစ်အဆုံးသတ်ဖို့ ကုလဦးဆောင်တဲ့ညှိနှိုင်းရေးတွေ နောက်လမှာစတင်သင့်တယ်လို့လည်း မစ္စတာပွန်ပေယိုက ပြောပါတယ်။