လားရှိုးရောက် စစ်ဘေးရှောင် အရေအတွက် တိုးလာ

လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ သားအမိ ဓာတ်ပုံ မူပိုင် Thein Min Tun
Image caption လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ သားအမိ

လာရှိုးမြို့ကို ထွက်ပြေးခိုလှုံလာနေတဲ့ စစ်ဘေးရှောင် အရေအတွက်က တိုးလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ ရှမ်းပြည်နယ် မြောက်ပိုင်း မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တပ်တွေနဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်ပေါင်းစုတို့ ကြားမှာ တဖက်နဲ့ တဖက် ပစ်ခတ်တာတွေကြောင့် အနီးအနား ပတ်ဝန်းကျင်က ရွာသူ ရွာသားတွေဟာ လားရှိုးမြို့ပေါ်က စစ်ဘေးရှောင်စခန်းနဲ့ ဘုရားကျောင်းတွေမှာ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ စဖြစ်ခဲ့တဲ့ နမ္မတူမြို့နားကနေ အခုနောက်ပိုင်း လားရှိုးမြို့နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ အီနိုင်းရွာ အုပ်စု ပန်ဟုန်း၊ ကုလား၊ မန်ပိန်းနဲ့ နန်းဟာ ရွာတွေနားမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်မှုတွေနဲ့ အနီးရွာကတော့အီနိုင်းရွာဖြစ်ပြီး ပန်ဆာ၊ နန်ဆန်နဲ့ အီနှိုင်း ရွာတွေအထိ သေနတ်ပစ်ခတ်သံတွေ လက်နက်ငယ်သံတွေ ကြားရတာကြောင့် အီနှိုင်းရွာကနေ တဆင့် ပလောင် လီဆူး ကချင် တိုင်းရင်းသားတွေဟာ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့လာရပါတယ်။

အခုလတ်တလော အနေနဲ့ လားရှိုးမြို့ပေါ်မှာ အနီးအနားဝန်းကျင်က ရွာတွေက ရွာသားတွေ ထောင်နဲ့ ချီ ပြောင်းရွှေ့လာပြီး လားရှိုး ရပ်ကွက် (၉) မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းမှာတော့ ဒုက္ခသည် ၂၀၀ ပတ်ဝန်းကျင်လောက် ရှိနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းက သင်းအုပ်ဆရာ ဦးဇောင်ဘောင်း က ဘီဘီစီကို ပြောပါတယ်။

ညတွင်းချင်း ရှောင်ပြေးလာရတဲ့ အတွက် ရွာသားတချို့က ဘာပစ္စည်းမှ မယူနိုင်ဘဲ ထွက်ပြေးလာရကြောင်းနဲ့ ဒီလို ထွက်ပြေးလာတုန်းမှာ ကျွဲနွား ဝက်တွေ ရွာထဲ ထားခဲ့ရပြီး ငြိမ်သက်ချိန်မှာတော့ ရွာကို အမျိုးသမီးတချို့နဲ့ ရွာသားတချို့ သွားလာပြီးတော့ ပစ္စည်းတွေ ပြန်ကြည့်နေရတယ်လို့ တိုက်ပွဲရှောင် စခန်းက လူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Thein Min Tun
Image caption စစ်ဘေးကို ရှောင်တိမ်းနေရတဲ့ အရပ်သား မိသားစု

ဒီလို ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အများဆုံးပါဝင်ပြီးတော့ အရင်တုန်းက ဒီနေရာတွေမှာ တခါမှ မဖြစ်ဘူးတဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ အချိန်ကြာကြာ ဒီလို တိုက်ပွဲတွေ ဖြစ်နေမှာကို စိုးရိမ်နေတယ်လို့ ရွာသူ ရွာသားတွေက ဆိုပါတယ်။

အမြောက်ဆန်ဗုံးဆန် အကျဆုံးရွာဖြစ်တဲ့ မန်ပြိန်းရွာက ဦးဒင်းဘောင်ကတော့ ကျနော်တို့အနေနဲ့ မြို့မှာတော့ အဆင်ပြေပေမယ့် ရွာသားတွေကတော့ ကိုယ့်ရွာကိုပဲ ပြန်ချင်တာဖြစ်တယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း