မြောက်ကိုရီးယားအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရကြောင်း HRW ထုတ်ပြန်

ဓာတ်ပုံ မူပိုင် CARL COURT
Image caption မြောက်ကိုရီးယားမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရာဇဝတ်မှုတစ်ခုအနေနဲ့ ကျူးလွန်နေကြောင်း HRW အစီရင်ခံစာ က ဆို

မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေကို သာမန်ဖြစ်ရိုးဖြစ်စဉ် ကြုံနေရတယ်ဆိုပြီးတော့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ အမျိုးသမီး ၆၂ ဦး ကို HRW အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပြီး သူတို့တွေဟာ မုဒိမ်းကျင့်ခံရပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကြုံခဲ့ရတယ်ဆိုတာ ဖြောင့်ချက်ပေးခဲ့ကြပါတယ်။

HRW က အမျိုးသမီးတွေရဲ့ ဖွင့်ဟပြောချက်တွေအပေါ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လူမသိသူမသိ ကျူးလွန်မှုမျိုးကို အာဏာလက်ဝယ်ရှိတဲ့ အမျိုးသားတွေက ကျူးလွန်နေကြတာပါ ဆိုပြီးတော့ HRW အစီရင်ခံစာ က ဖော်ပြပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးကို အကြိမ်ပေါင်းများစွာ ကျူးလွန်ခံခဲ့ရဖူးသူ မြောက်ကိုရီးယား အမျိုးသမီးတစ်ဦးဖြစ်တဲ့ အွန်ဂျေဟီး က တော့ 'ဒီအရာရှိတွေဟာ အမျိုးသမီးတွေကို လိင်ဖျော်ဖြေတဲ့ အရုပ်တစ်ခုသဖွယ် မှတ်ထင်နေကြတယ်လို့' ပြောပါတယ်။

မြောက်ကိုရီးယား က ထွက်ပြေးလာတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ပတ်ခ်ယောင်ဟီး က လည်း 'သူ့အနေနဲ့ ရဲအရာရှိတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကိုယ်တွေ့ကြုံခဲ့ရတယ်' ဆိုပြီးတော့ ပြောပါတယ်။

'အဲ့ဒီတုန်းကဆို ကျွန်မဘဝက သူ့လက်ထဲမှာလေ၊ သူလိုချင်တဲ့ အရာတိုင်းကို လုပ်ပေးခဲ့ရတာ၊ ကျွန်မ ဘာကိုမှ မတတ်နိုင်ခဲ့ဘူးလေ' လို့ ပတ်ခ်ယောင်ဟီး က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် HRW
Image caption မြောက်ကိုရီးယားမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရာဇဝတ်မှုတစ်ခုအနေနဲ့ ကျူးလွန်နေကြောင်း HRW အစီရင်ခံစာ က ဆို

HRW က တော့ မြောက်ကိုရီးယား ဟာ ဒီကျူးလွန်မှုတွေကို တာဝန်ယူဖြေရှင်းပေးဖို့လိုနေပြီး ရာဇဝတ်မှု တစ်ခုအနေနဲ့ အရေးယူဆောင်ရွက်ပေးရမယ် လို့ ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာလည်း မြောက်ကိုရီးယားနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စနစ်တကျ နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းတာ၊ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ တွေ ကို စုံစမ်းစစ်ဆေးတာ၊ အရေးယူတာတွေလုပ်ဖို့ လိုနေတယ်ဆိုပြီးတော့လည်း အစီရင်ခံစာ က ထုတ်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ