၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ - အမျိုးသမီးအရေး အမျိုးသမီး အမတ်လောင်းတွေ ဘာလုပ်ပေးမလဲ

ဓာတ်ပုံ မူပိုင် Daw Thet Thet Aye
Image caption တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် အရွေးခံမယ့် ALD ရခိုင်ပါတီ ကိုယ်စားလှယ်လောင်း

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၃ နေရာအတွက် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ယောက် ပါဝင်ယှဉ်ပြိုင်ကြမယ့်အထဲမှာ အမျိုးသမီး ဦးရေ ၇ ယောက် ပါဝင်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေ နိုင်ငံရဲ့ ထိပ်တန်း တာဝန်တွေရယူနိုင်ဖို့၊ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပိုမို ပါဝင်လာနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေကြချိန်မှာ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ကြမယ့် ရာခိုင်နှုန်းကတော့ ၁၀.၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး လစ်လပ် နေရာတို့အတွက် ယှဉ်ပြိုင်တဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် NANG HTWE HMONG Facebook
Image caption မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာ အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က နန်းထွေးမှုံလည်း ဝင်ပြိုင်

ရန်ကုန်တိုင်းမှာ အမျိုးသမီး အမတ်လောင်း ၂ ဦး

ရန်ကုန်တိုင်းဒေသကြီးက လစ်လပ် မဲဆန္ဒနယ် ၂ ခုမှာတော့ အမျိုးသမီး သုံးဦး ပါဝင်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။

ဦးဝင်းမြင့် သမ္မတ အဖြစ် ရွေးချယ်ခံရတဲ့ အတွက် လစ်လပ်သွားတဲ့ တာမွေ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအပါအဝင် ပါတီပေါင်း ၈ ပါတီက ပါဝင် ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းတွေထဲမှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ALD အတွက် အမျိုးသမီး အမတ်လောင်း ဒေါ်သက်သက်အေးက ပါဝင်ယှဉ်ပြိုင်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ကျန်တဲ့ ပါတီ ၇ ခုကတော့ အမျိုးသားတွေချည်း ပါဝင် ယှဉ်ပြိုင်မှာပါ။

ဒေါ်သက်သက်အေးက နိုင်ငံမှာ လူဦးရေရဲ့ တဝက်ကျော်ပါဝင်တဲ့ အမျိုးသမီးတွေ အတွက် တန်းတူ အခွင့်အရေး ရစေချင်ပြီး အကြမ်းဖက်မှု ခံရတဲ့ အန္တရာယ်ကို ကာကွယ်ပေးချင်တဲ့ ဆန္ဒ၊ အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးချင်တဲ့ ဆန္ဒတွေကြောင့် အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာလို့ ပြောပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် စာရင် အိမ်မှု အလုပ်တွေများတဲ့အတွက်၊ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အပြင်ထွက်ပြီး နားမထောင်နိုင်ကြတဲ့ အိမ်ရှင်မတွေ အတွက် အိမ်တိုင်ယာရောက် တစ်အိမ်တက်ဆင်း သွားပြီး မဲဆွယ် စည်းရုံး ခဲ့တယ်လို့ လည်း ဒေါ်သက်သက်အေးက ပြောပါတယ်။

လွှတ်တော်ထဲမှာ အမျိုးသမီး အင်အား နည်းနေတာ၊ တခြားရာထူးတွေနဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသမီးအင်အား နည်းနေတဲ့ အတွက် အမျိုးသမီးတွေ အဲဒီ နေရာတွေမှာ ပိုမို ပါဝင်လာနိုင်အောင် ဝိုင်းရံ ပံ့ပိုးပေးမယ်လို့ သူမဲဆွယ်ခဲ့တဲ့ မဲဆန္ဒရှင် အမျိုးသမီးတွေက ပြောခဲ့ကြတာကြောင့် အားရကျေနပ်မိတယ်လို့ ဒေါ်သက်သက်အေးက ပြောပါတယ်။

ဒီမဲဆန္ဓနယ်မှာ အနိုင်ရဖို့က ခက်ခဲပေမယ့် တကယ်လို့ အရွေးခံရရင်တော့ အမျိုးသမီး ကဏ္ဍ မြှင့်တင်ပေးနိုင်ဖို့ကိုလည်း ကြိုးပမ်း လုပ်ဆောင်မယ်လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ်က အမျိုးသမီး အမတ်လောင်းများ

အခုကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်ခု အတွက် အမျိုးသမီး ဦးရေ အများဆုံး ပါဝင်ယှဉ်ပြိုင်မယ့် နေရာကတော့ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ဖြစ်ပါတယ်။

အဲဒီ နေရာအတွက် ရှမ်းနီ (တိုင်းလိုင်)နဲ့ မြောက်ပိုင်းရှမ်းမျိုးနွယ်စု များ သွေးစည်းညီညွတ်ရေး ပါတီက ဒေါ်ခင်အုန်း၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီက ဒေါ်အမ်ဒီခေါညွယ်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဒေါ်ယမ်ခေါ်န်တို့ သုံးယောက် ဝင်အရွေးခံကြမှာ ဖြစ်ပါတယ်။

ရှမ်းနီ ပါတီက ဒေါ်ခင်အုန်းက ကချင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ အတွက် အမျိုးသမီးတွေဟာ တရုတ် နိုင်ငံဘက်ကို ရောင်းစား ခံနေကြရတာတွေ၊ လူကုန်ကူး ခံရတာတွေ ရှိတယ်။ ဒါကြောင့် သူ့အနေနဲ့ အမျိုးသမီးတွေအရေးကို ဆောင်ရွက်တဲ့နေရာမှာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Daw Yan Hkawn Facebook
Image caption ကချင်ပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အတွက် ပညာပေး သင်တန်းတွေ များများ ပေးဖို့ လိုတယ်လို့ ဒေါ်ယမ်ခေါန်ဆို

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် NLD ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့်အမျိုးသမီးကတော့ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်ယမ်ခေါန် ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က ကျောင်းဆရာမ အဖြစ်က အငြိမ်းစား ယူခဲ့ပြီး ၂၀၁၃ ခုနှစ်ကစပြီး ပါတီထဲဝင်ခဲ့တာပါ။

NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲကတည်းက သူ့ကို ပါဝင် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူ့မှာ တခြား လုပ်စရာတွေ ရှိနေခဲ့လို့ လက်မခံခဲ့ ကြောင်းနဲ့ အခုတော့ အမျိုးသမီးနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတယ် ဆိုလို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်လာတာလို့ လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အတွက် ပညာပေး သင်တန်းတွေ လုပ်ငန်းတွေ များများ လုပ်ပေးဖို့ လိုအပ်တယ်၊ တောရွာတွေကနေ မြို့ပေါ်လာပြီး ခိုလှုံနေကြသူတွေဖြစ်လို့ မြို့နဲ့ ကိုက်ညီတဲ့ အသက်မွေး ဝမ်းကျောင်းသင်တန်းတွေ ပေးသင့်တယ်လို့ ပြောပါတယ်။

သူက အမျိုးသမီးတွေနဲ့ တိုက်ရိုက် ထိတွေ့ပြီး မဲဆွယ်ခဲ့ရာမှာ အမျိုးသမီးတွေရဲ့ ပညာရေး၊ လူငယ်တွေရဲ့ ပညာရေး ဂရုစိုက်ရမယ်၊ အသက်ကြီးသူ တွေကို အသက်မွေး ဝမ်းကျောင်းပညာတွေ သင်ပေးပြီး လူငယ်တွေကို ပညာရေး အားပေးတဲ့ အကြောင်းတွေ ပြောခဲ့တယ်လို့ ဒေါ်ယမ်ခေါန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အောက်တိုဘာ ၂၉ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်မြို့မှာ မဲဆွယ်စည်းရုံးခဲ့

အခုကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ် ၁၃ နေရာစလုံးမှာ ဝင်အရွေးခံမှာဖြစ်ပြီး အဓိက အတိုက်ခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ ရခိုင်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်က မတူပီတို့မှာ မယှဉ်ပြိုင်ဘဲ ကျန်တဲ့ နေရာတွေမှာသာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အမျိုးသမီးတွေ မပါတာ တွေ့ရပါတယ်။