ရန်ကုန်က ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုနည်း

တာမွေမြို့နယ် အမှတ် ၃ မဲရုံမဲထည့်ပြီးတဲ့ မဲဆန္ဒရှင်တွေ ဓာတ်ပုံ မူပိုင် ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း
Image caption တာမွေမြို့နယ် အမှတ် ၃ မဲရုံမဲထည့်ပြီးတဲ့ မဲဆန္ဒရှင်တွေ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ဇနီးက ဒီနေ့နေလယ်မှာ တာမွေမြို့နယ် အမှတ် ၃ မဲရုံမှာ မဲလာထည့်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ သူ့ကိုထောက်ခံအားပေးသူတွေက ကြိုဆိုခဲ့ကြပါတယ်။

ထူးခြားတာတခုက သမ္မတဦးဝင်းမြင့် မဲလာထည့်တဲ့နေရာဟာ ကျောက်မြောင်းက မြန်မာ့ရိုးရာ အားကစားခြင်းလုံးရုံတရုံကို မဲရုံအဖြစ် ပြုလုပ်ထားတာပါ။ သမ္မတဦးဝင်းမြင့်ဟာ ခြင်းလုံးခတ် ဝါသနာရှိသူဖြစ်ပြီး အားလပ်ချိန်မှာ ခြင်းခတ်ပြီးလေ့ကျင့်ခန်းလုပ်လေ့ရှိသူပါ။

သမ္မတဦးဝင်းမြင့် မဲလာထည့်တဲ့အချိန်ကလွဲရင် မဲလာထည့်သူ အရေအတွက်နည်းပြီး ရွေးကောက်ပွဲ စိတ်ဝင်စားမှုလည်းနည်းတယ်လို့ တာမွေမြို့နယ် အမှတ် ၃ မဲရုံကို ကိုယ်တိုင်သတင်းသွားယူတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီအမှတ် ၃ မဲရုံမှာ သတင်းလာယူတဲ့မီဒီယာနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပိုများတယ်လို့ သိရပါတယ်။ အဲဒီမဲရုံမှာ အမေရိကန်သံအမတ်နဲ့ အင်္ဂလန်သံအမတ်လည်း မဲရုံကို လာရောက်ကြည့်ရှု ခဲ့ပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ မဲရုံအားလုံးပေါင်း ၁၂၀ ကျော် ရှိပြီး မဲထည့်ရမယ့်သူ စာရင်း ၉၉၀၀၀ ကျော် ရှိပါတယ်။ အမှတ် ၃ မဲရုံမှာတော့ မဲထည့်ရမယ့်သူစာရင်း ၉၀၀ ကျော် ရှိပေမယ့် နေ့လယ် ၁၂ နာရီအထိ မဲဆန္ဒရှင် ၂၀၀ ဝန်းကျင်လောက်ပဲ မဲလာထည့်တာ တွေ့ရတယ်လို့ မဲရုံအပြင်မှာရောက်ခဲ့တဲ့ ဘီဘီစီသတင်း ထောက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း
Image caption တာမွေမြို့နယ် အမှတ် ၃ မဲရုံကမဲဆန္ဒရှင်တချို့ တွေ့ရစဉ်

အလားတူ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာတော့ မဲလာထည့်သူနဲ့ ရွေးကောက်ပွဲ စိတ်ဝင်စားမှုများတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရ သက်တမ်းရဲ့ ဒုတိယ အကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။

အမျိုးသားလွှတ်တော် (၁) နေရာ၊ ပြည်သူ့လွှတ်တော် (၄) နေရာ၊ တိုင်းလွှတ်တော် အသီးသီး ကိုယ်စားလှယ် (၇) နေရာ နဲ့ ရှမ်း တိုင်းရင်းသားရေးရာဝန်ကြီး (၁) နေရာ အတွက်ဖြစ်ပြီး ရှမ်းပြည်နယ် လဲချားမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက် ရွေးချယ်ရမှာ ဖြစ်ပါတယ်။