NLD အစိုးရသက်တမ်းမှာ ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲက ဘာတွေရလိုက်လဲ

တာမွေမြို့နယ် အမှတ် ၃ မဲရုံမှာ မဲလာထည့်ကြသူတွေ ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း
Image caption တာမွေမြို့နယ် အမှတ် ၃ မဲရုံမှာ မဲလာထည့်ကြသူတွေ

နိုဝင်ဘာ ၃ ရက် ဒီကနေ့မှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ NLD အစိုးရသက်တမ်းမှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ လုပ်တာဖြစ်ပြီး မဲပေးကြရတဲ့နေ့မှာကိုပဲ မဲဆန္ဒရှင်ပြည်သူတွေက မဲလာပေးဖို့ အားနည်းနေတာကို တွေ့ရတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် ရရှိမှုနည်းလို့ မဲလာပေးချိန်မှာ မှတ်ပုံတင်ကျန်ရစ်ခဲ့လို့ မဲမပေးနိုင်ကြတာမျိုး မဲရုံတခုမှာ ၅ ယောက် ၆ ယောက် နီးပါး မဲမပေးဘဲ ပြန်သွားကြတာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

" အခု ကြားဖြတ်ကျင်းပတဲ့ရက်က အစိုးရရုံးပိတ်ရက် ဖြစ်ပေမယ့် ရွေးကောက်ပွဲရက်ဆိုပြီး ရုံးပိတ်ရက်သပ်သပ် သတ်မှတ်ပေးထားတာ မဟုတ်ဘူး။ ဆိပ်ကမ်း မြို့နယ်မှာဆို စက်ရုံ အလုပ် သွားဆင်းရင်း မဲ ဝင်ထည့်ကြတာ၊ မှတ်ပုံတင် ပါမလာကြတော့ ပြန်ယူချိန်လည်းမရ ဆိုတော့ မဲထည့် မသွားနိုင်တာမျိုး တွေ့ရတယ်" လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ Election Education Observation Partners (EEOP) အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

Image caption မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲလာပေးတဲ့မြင်ကွင်း

ဆိပ်ကမ်းမြို့နယ်မှာ ရပ်ကွက် ၂ ခုနဲ့ နေထိုင်ကြတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၄၀၀ ကျော်ရှိပြီး နောက်ဆုံးမဲရုံပိတ်ချိန်အထိ မဲလာပေးနိုင်သူ ၉၀၀ ကျော်သာရှိလို့ အဲဒီလို အခြေအနေကြောင့် မဲပေးနိုင်သူ လျော့သွားတာဟာ နစ်နာရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

မဲဆန္ဒရှင်တွေ မဲစတင်ပေးချိန်မှာ ကြီးကြီးမားမား ပြသနာမရှိဘဲ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရကြပေမယ့် မသန်စွမ်း မဲဆန္ဒရှင်တွေမှာတော့ မဲဆန္ဒပြုခန်းတွေမှာ အခက်အခဲ ဖြစ်တာကို တွေ့ရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ကပြောပါတယ်။

ဒီအချက်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင်ပြည်သူတွေ မဲမပေးခင် ညပိုင်းအချိန်ထိ သတင်းအချက်အလက် ရရှိဖို့ ကြိုပြင်ဆင်ထားရမယ့် အချက်တွေလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တိုင်းရင်းသားဒေသ တခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်ဟာ စပါးရိတ်သိမ်းတဲ့ ကာလဖြစ်နေလို့ အလုပ်တွေနဲ့ ရှုပ်နေကြပြီး မဲလာပေးတဲ့သူ အတော်နည်းတယ်လို့ လဲချားမြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးစိုင်းဥက္ကာက ပြောပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲနေ့မှာတောင် မဲထည့်ကြဖို့ ဒေသခံမဲဆန္ဒရှင်တွေကို လိုက်လံနှိုးဆော် ရတယ်လို့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးရိုထန်းပွီးယာက ပြောပါတယ်။

" ဒီမှာ ရွာတွေကလည်း များတယ်။ တောင်ယာတွေ တက်သွားကြတာ ပြန်ကိုမလာကြဘူး။ မဲပေးရမယ့်နေ့ဆိုတာတော့ သိကြတယ်။ မဲလာပေးသူနည်းလို့ အချိန်မီထည့်ဖို့ လိုက်ခေါ် သတိပေးနေရတယ်" လို့ ဦးရိုထန်းပွီးယာက ဆိုပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာနဲ့ မတူပီမြို့နယ်က အမှတ် (၁) ပြည်နယ်မဲဆန္ဒနယ်တွေမှာတော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ မဲလာပေးသူဦးရေဟာ ၅၀ ရာခိုင်နှုန်းကျော် ရှိပြီလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ရာနှုန်းပြည့် လာမပေးနိုင်တဲ့သူတွေက မဲရုံကို လာရောက်ဖို့ ခက်ခဲတဲ့ ကျေးရွာတွေမှာ နေထိုင်ကြသူတချို့နဲ့ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုဖို့ မြို့ကိုထွက်သွားကြတဲ့ လူငယ်တွေကြောင့် မဲပေးနိုင်သူဦးရေ လျော့နည်းရတယ်လို့ ကန်ပက်လက်မြို့နယ်မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးမနားနိုင်က ပြောပါတယ်။

မကွေးတိုင်း၊ မင်းဘူးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် လစ်လပ်မဲဆန္ဒနယ်မှာလည်း မဲရုံတွေ စတင်ဖွင့်ချိန်ကတည်းက မဲလာပေးသူနည်းလွန်းပြီး ၅၀ ရာခိုင်နှုန်းအောက်သာ ရှိတာကို တွေ့ရတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားတချို့ လာရောက်မဲပေးကြရာမှာလည်း မဲရုံဖွင့်ချိန်ကနေ နေ့လယ်ပိုင်းအထိ စောင့်ကြည်မှုအရ မဲလာပေးသူ နည်းပါပြီး မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ၅ ရာနှုန်းလောက်ပဲ မဲလာပေးကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ်မဲဆန္ဒနယ်မှာ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိပြီး ဒေါက်တာအေးမောင်သား တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်းက လူကြိုက်များနေတယ်လို့ ဒေသခံဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ပါတီ အသီးသီးက ကိုယ်စားလှယ်လောင်းတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အပါအဝင် စုစုပေါင်း ၆၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

လစ်လပ်တဲ့ မဲဆန္ဒနယ် ၁၃ နေရာဖြစ်တဲ့ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ၇ နေရာ နဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ၁ နေရာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာ ၄ နေရာက ကန်ပက်လက် (ချင်းပြည်နယ်)၊ မြင်းခြံ (မန္တလေးတိုင်း)၊ တာမွေ (ရန်ကုန်တိုင်း)၊ လဲချား (ရှမ်းပြည်နယ်) တွေ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာ ၁ နေရာက အမှတ် (၂) ကချင်ပြည်နယ် မဲဆန္ဒနယ်ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာ ၇ နေရာက မတူပီ (ချင်းပြည်နယ်)၊ တမူး (စစ်ကိုင်းတိုင်း)၊ အုတ်တွင်း (ပဲခူးတိုင်း)၊ သပိတ်ကျင်း (မန္တလေးတိုင်း)၊ ရသေ့တောင် (ရခိုင်ပြည်နယ်)၊ မင်းဘူး (မကွေးတိုင်း)၊ ဆိပ်ကမ်းမြို့နယ် (ရန်ကုန်တိုင်း) တို့ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို ပါတီတွေရဲ့ အားစမ်းပွဲဖြစ်လို့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာသာ ရှိပေမယ့် မဲဆန္ဒနယ်မြေ တခုကိုပဲ ပါတီတွေကိုယ်စားပြု ကိုယ်စားလှယ်လောင်း အတော်များများက ဝင်ရောက်ယှဉ်ပြိုင်ကြတာကို ထူးခြားမှုအဖြစ် တွေ့ရတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။