မြန်မာပြည်မှာ မုန်းတီးဖို့ လှုံဆော်နေတာတွေ ဖေ့စ်ဘွတ် ကုမ္ပဏီ က ပိတ်လို့ ရပါ့မလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်မှာ ဖေ့စ်ဘွတ် သုံးစွဲသူ လူ သန်း ၂၀ ခန့်ရှိ

ရန်လို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာအောင် ဖေ့စ်ဘွတ် လူမှုကွန်ရက် ကို အသုံးချခဲ့တဲ့ မြန်မာပြည်က လူတွေကို သူတို့အနေနဲ့ လုံလောက်အောင် မတားဆီးနိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီ က ထပ်မံဝန်ခံလိုက်ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Business for Social Responsibility (BSR) ကို ဖေ့စ်ဘွတ် ကုမ္ပဏီက လွတ်လပ်တဲ့စစ်တမ်းတခုပြုစုစေခဲ့ပြီး အဲဒီ BSR ရဲ့ အစီရင်ခံစာထွက်လာပြီးတဲ့နောက် ဖေ့စ်ဘွတ် ကုမ္ပဏီ က အခုလိုဝန်ခံခဲ့တာပါ။

မြန်မာပြည်မှာ ဖေ့စ်ဘွတ် ကို အသုံးပြုသူ သန်း ၂၀ လောက်ရှိနေပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ဖြစ်လာအောင် ဖေ့စ်ဘွတ်မှာ သတင်းမှားတွေ၊ အမုန်းတရားဖြန့်ချိတာတွေ၊ အခြားနိုင်ငံက ဓာတ်ပုံတွေ ကို မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ မဟုတ်ဘဲ လိမ်လည်တင်ပြတာတွေ စတာတွေအသုံးပြုပြီး လှုံ့ဆော်မှုတွေ ရှိနေတာကို လူအများ အပြား သတိထားမိကြပါတယ်။

ရိုဟင်ဂျာ မွတ်စလင် ကဲ့သို့သော လူနည်းစုတွေကို မုန်းတီးတိုက်ခိုက်အောင် လှုံ့ဆော်တဲ့ စာသားတွေကို ဖေ့စ်ဘွတ် မှာ တင်နေကြတယ်၊ ဒါတွေကို တားဆီးပေးပါလို့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေက ဖေ့စ်ဘွတ် ကုမ္ပဏီကို သတိပေးခဲ့ကြပေမယ့် ဒါတွေကို တားဆီးဖို့ ကုမ္ပဏီက ပျက်ကွက်ခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် သုတေသီတယောက်ဖြစ်တဲ့ ကိုမြတ်သူက ဖေ့စ်ဘွတ်အနေနဲ့ အဲဒီအချိန်ကာလ က ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့ကြတဲ့ စာသားတွေ က ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာ ကို သိနိုင်တဲ့ ဘာသာစကားကျွမ်းကျင်သူတွေကို လုံလောက်စွာ မခန့်အပ်ခဲ့ဘူး လို့ ဆိုပါတယ်။

ဒီလိုစာသားတွေကို ဖေ့စ်ဘွတ်က အသုံးပြုတဲ့ ဉာဏ်ရည်တုတွေနဲ့ စစ်ဆေးလို့လည်း မရဘူးလို့ လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်တပ်အရာရှိတချို့ရဲ့ ဖေ့စ်ဘွတ် အကောင့်တွေ ဖြုတ်ချခံရပြီးတဲ့နောက် စစ်မှုထမ်းဟောင်းတွေ ဆန္ဒပြခဲ့ကြ

၂၀၁၇ သြဂုတ်လပိုင်းမှာ မွတ်စလင် အကြမ်းဖက်အဖွဲ့တခုဖြစ်တဲ့ အာဆာ အဖွဲ့ က အစိုးရလုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှုအပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်တာတွေ အကြီးအမားဖြစ်ပေါ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို မွတ်စလင် ၇ သိန်းကျော်လည်း အိုးအိမ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကတော့ ဖေ့စ်ဘွတ် ကုမ္ပဏီအနေနဲ့ အမုန်းတရားတွေနဲ့ သတင်းမှားတွေ ဖြန့်ချိနေတာကို တားဆီးဖို့အတွက် မြန်မာ့တပ်မတော်အကြီးအကဲရဲ့ ဖေ့စ်ဘွတ် စာမျက်နှာအပါအဝင် တပ်မတော်အရာရှိတချို့ရဲ့ ဖေ့စ်ဘွတ် အကောင့်တွေ၊ အခြား အကောင့်တွေကို ဖြုတ်ချခဲ့ပါတယ်။

ဖေ့စ်ဘွတ် မှာ တင်ကြတာတွေကို စောင့်ကြည့်ဖို့ ကုမ္ပဏီက အခုတော့ မြန်မာဘာသာကျွမ်းကျင်သူ ၉၉ ယောက်ကို တာဝန်ပေးအပ်ထားကြောင်း သိရပါတယ်။

BSR ရဲ့ အစီရင်ခံစာထဲမှာ ဖေ့စ်ဘွတ် အနေနဲ့ သူ့လူမှုကွန်ရက် ကတဆင့် ရေးနေ၊ တင်နေကြ တာတွေကို သူ့မူဝါဒနဲ့အညီ ဖြစ်စေဖို့ ပိုပြီး တင်းတင်းကျပ်ကျပ် တားဆီးသင့်တယ်။ ဒီအရေးနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ တိုင်ပင်ဆက်သွယ်ဆောင်ရွက်မှု မြှင့်တင်ဖို့လိုသလို၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်မှုအခြေအနေတွေကို ပုံမှန် ထုတ်ပြန်တင်ပြနေဖို့ လိုတယ်လို့လည်း အကြံပြု ထားပါတယ်။

ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက တာဝန်ရှိသူတယောက်ဖြစ်တဲ့ မူဝါဒ ရေးရာ ဆိုင်ရာ မန်နေဂျာ အလက်စ် ဝါရော့ခ်ကာ က "ဒီနှစ်မတိုင်မီမှာ ကျနောတို့ လူမှုကွန်ရက်ကိုအသုံးချပြီး ကွဲပြားမှုတွေ ဖြစ်လာအောင်၊ ရန်လိုတိုက်ခိုက်အကြမ်းဖက်တာတွေ ဖြစ်လာအောင် လှုံဆော်နေကြတာကို လုံလောက်အောင် မတားဆီး နိုင်ခဲ့ဘူး လို့ အစီရင်ခံစာက ရေးသားခဲ့တယ်၊ ကျနော်တို့အနေနဲ့လည်း တားဆီးနိုင်သင့်ခဲ့တယ်ဆိုတာကို သဘောတူသလို၊ ပိုလုပ်သင့်တဲ့အကြောင်းလည်း လက်ခံပါတယ် " လို့ သူ့ရဲ့ ဘလော့ခ် မှာ ရေးသားထားပါတယ်။