နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းသမား ၃ ဦးအမှု ရုပ်သိမ်းဖို့ တရားရုံးအမိန့်ချ

အလဲဗင်းသတင်းသမား ၃ ဦးအမှု ရုပ်သိမ်းဖို့ တရားရုံးအမိန့်ချ ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption အလဲဗင်းသတင်းသမား ၃ ဦးအမှု ရုပ်သိမ်းဖို့ တရားရုံးအမိန့်ချ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရင်ဆိုင်နေရတဲ့ အလဲဗင်းသတင်းစာတိုက်က တာဝန်ခံအယ်ဒီတာ ကိုနရီမင်း၊ ကိုကျော်ဇောလင်း နဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေ၀င်းတို့ရဲ့ အမှုကို ရုပ်သိမ်းဖို့ တာမွေမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

သတင်းသမား ၃ ဦးလုံးကို တရားစွဲဆိုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တာမွေမြို့နယ်တရားရုံးမှာ အမှုရုပ်သိမ်းလွှာ တင်ခဲ့တာ ဖြစ်ပါတယ်။

တာမွေမြို့နယ်တရားရုံး တရားသူကြီးက 'အမှုကို ရုပ်သိမ်းခြင်းဖြင့် နစ်နာမှုမရှိခြင်း၊ ရုပ်သိမ်းခြင်းကြောင့် ဒီလိုအမှုမျိုး ထပ်မဖြစ်လာနိုင်ခြင်း၊ သက်ဆိုင်ရာက အမှုရုပ်သိမ်းပေးဖို့ လိုအပ်နေခြင်း စတာတွေကြောင့် စွဲချက်မတင်ခင် ဒီအမှုကို ရုပ်သိမ်းတာ ဖြစ်တယ်' လို့ တရားခွင်မှာ တရားရုံးအမိန့်ကို ဖတ်ကြားခဲ့ပါတယ်။

အလဲဗင်းသတင်းသမား ၃ ဦး ဟာ အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ခဲ့တဲ့ Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ရေးသားဖော်ပြခဲ့တဲ့ ကလောင်အမည် ဖြိုးဝေရဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ နဲ့ တရားစွဲဆို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ အဖမ်းခံထားရတဲ့ သတင်းသမား ၃ ဦးလုံးကို တာမွေမြို့နယ်တရားရုံးက သတင်းသမားတစ်ယောက်စီကို ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့ပြီး အခုတော့ ၃ ဦးလုံးကို တရားစွဲဆိုသူ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင် တရားရုံးမှာ အမှုရုပ်သိမ်းလွှာ လာတင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption အလဲဗင်းသတင်းသမား ၃ ဦးအမှု ရုပ်သိမ်းဖို့ တရားရုံးအမိန့်ချ

ဒီအမှုနဲ့ ပတ်သက်လို့ သမ္မတကလည်း သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်းဌာန၊ ပုဂ္ဂိုလ် ဟာ အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ မီဒီယာဥပဒေပုဒ် ၂၂ အရ မီဒီယာကောင်စီက နှစ်ဘက်တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကတော့ အလဲဗင်းဆောင်းပါးအမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ ကျေအေးပြီးသွားပြီဆိုရင် ကောင်စီ အနေနဲ့ ကြားဝင်ညှိနှိုင်းပေးမှာ ဖြစ်ပြီး တကယ်လို့ ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင် သတင်းမီဒီယာဥပဒေပုဒ်မ နဲ့ ဆက်လက်ဆောင်ရွယ်ရဖွယ် ရှိနိုင်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။