နိုင်ငံခြားဘဏ်ခွဲတွေကို ချေးငွေဖြည့်ဆည်းမှု နဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ တိုးပေး

ဓာတ်ပုံ မူပိုင် Central Bank of Myanmar
Image caption မြန်မာနိုင်ငံ ဗဟိုဘဏ်

နိုင်ငံခြားဘဏ်ခွဲတွေ အနေနဲ့ မြန်မာပြည်မှာ ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို ချေးငွေ ဖြည့်ဆည်းမှုနဲ့ အခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ လုပ်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အရင်ကတော့ နိုင်ငံခြားဘဏ်တွေဟာ နိုင်ငံခြားကုမ္ပဏီတွေ နဲ့ လုပ်ငန်းတွေလုပ်ဆောင်တာ၊ ပို့ကုန်ကိစ္စနဲ့ ပတ်သက်တာတွေမှာပဲ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ လုပ်ငန်းဝန်ဆောင်မှုတွေ ပိုမို ခွင့်ပြုလိုက်တဲ့အတွက် ဒီအပြောင်းအလဲက ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ကောင်းသတင်းမို့ စီးပွားရေး အသိုင်းအဝိုင်းကသာမက ပြည်တွင်းဘဏ်လုပ်ငန်းတွေကလည်း ကြိုဆိုကြပါတယ်။

ဗဟိုဘဏ် ရဲ့ နိုင်ငံခြားဘဏ် လုပ်ပိုင်ခွင့် ချဲ့ထွင်ပေးလိုက်တဲ့ ခြေလှမ်းနဲ့ ပတ်သက်လို့ ကမ္ဘောဇဘဏ်ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်မျိုးကလည်း 'အခု လုပ်ကိုင်ခွင့် ရသွားတာကတော့ နိုင်ငံခြားဘဏ်တွေအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို ငွေချေးခွင့်ရသွားသလို လုပ်ငန်းရှင်တွေကလည်း ချေးငွေရရှိဖို့ အခွင့်လမ်းကောင်း ရသွားတယ်' လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံခြားဘဏ်ခွဲတွေကို ချေးငွေဖြည့်ဆည်းမှု ပိုမိုခွင့်ပြုပေးလိုက်တယ် ဆိုပေမယ့် ဘယ်လောက်အထိ လုပ်ခွင့်ပေးမလဲ ဆိုတာတော့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ တိတိပပ ဖော်ပြမထားပါဘူး။

ကမ္ဘောဇဘဏ်ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်မျိုးက 'ပြည်တွင်းဘဏ်ပဲဖြစ်ဖြစ် ပြည်ပဘဏ်ပဲ ဖြစ်ဖြစ် ငွေချေးမယ်ဆိုရင် လိုအပ်တဲ့မူဝါဒ ရှိပြီးသား ဖြစ်ပေမယ့် အခု နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့် ပိုပေးတဲ့အပေါ် ဗဟိုဘဏ်အနေနဲ့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ဖို့ လိုတယ်'လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ