ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအစည်းအဝေးတွေ ရပ်ထားဖို့ KNU ဆုံးဖြတ် စတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုမှာတွေ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ကေအဲန်ယူဥက္ကဌ

(၁)ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအစည်းအဝေးတွေ ရပ်ထားဖို့ KNU ဆုံးဖြတ်

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေကို ယာယီ ရပ်ဆိုင်းထားဦးမယ်ဆိုတာကို ကြေညာလိုက်ပါတယ်။

အလွတ်သဘောဆွေးနွေးမှုတွေတော့ ဆက်ရှိနေမှာ ဖြစ်တယ်ဆိုပြီးတော့ ကေအန်န်ယူ ဗဟိုကော်မတီဝင်တွေနဲ့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အယောက် ၉၀ လောက် တက်ရောက်ခဲ့တဲ့ (၅) ရက်ကြာ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ကနေ ဆုံးဖြတ်ခဲ့တာပါ။

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ NCA သဘောတူပါစာချုပ်အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်ရမှာဖြစ်ပြီး KNU အနေနဲ့ အဖွဲ့အစည်းတစ်ခုလည်း ညီညီညွတ်ညွတ်နဲ့ လုံလောက်တဲ့ ကာလတစ်ခုယူဖို့ လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်ရတာ ဆိုပြီးတော့ ဖော်ပြပါတယ်။

ဒါ့အပြင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့လိုနေသေးပြီး ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းတွေ ဖော်ဆောင်ရာမှာလည်း အခက်ခဲတွေ ကြုံနေရသေးတယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

Image caption ဘာလုခါလီစခန်းက ဂျပ်စမင်နဲ့ သားငယ်

(၂) ရခိုင်ပြည်မြောက်ပိုင်းက နေရပ်စွန့်ခွာသူတွေအရေး ဆွေးနွေး

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေအတွင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး နဲ့ ပြန်လည်နေရာချထားရေးကော်မတီ အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ လောလောဆယ်မှာ ပထမအသုတ်အနေနဲ့ လူပေါင်း ၂၂၅၁ ဦးကို ပြန်လည်လက်ခံဖို့ ရှိနေပြီး ဒါဟာ မလွဲမသွေလုပ်ရမယ့် ကိစ္စဖြစ်တယ်ဆိုပြီးတော့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။

ဒီအစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီမှာလည်း အစိုးရရဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာ လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုတွေ၊ အသင့်ဖြစ်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရက ရန်ကုန်မှာရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိနေပါတယ်။

(၃) တရုတ်က မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေါ်လာ ၃ သိန်း ပံ့ပိုးကူညီ

ဓာတ်ပုံ မူပိုင် Joint Ceasefire Monitoring Committe
Image caption တရုတ်က မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေါ်လာ ၃ သိန်း ပံ့ပိုးကူညီ

မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရှေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေး ကောင်မတီ JMC-U ဥက္ကဌဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ရန်ကုန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပံ့ပိုးကူညီငွေအဖြစ် ဒေါ်လာ ၃ သိန်း ပေးခဲ့ပါတယ်။

တွေ့ဆုံစဉ်မှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆောင်ရွက်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းတွေအကြောင်း ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားပေး ထောက်ခံနေတယ်လို့ မစ္စတာစွန်းဂေါ်ရှန်းက ပြောခဲ့ပါတယ်။

(၄) ပထမကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် ၁၀၀ ပြည့်အခမ်းအနားကျင်းပ

ဓာတ်ပုံ မူပိုင် EPA
Image caption ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်

နိုဝင်ဘာ ၁၁ ရက်နေ့ဆိုရင် ပထမကမ္ဘာစစ် ပြီးဆုံးကြောင်း လက်မှတ်ရေးထိုးခဲ့တာ နှစ် ၁၀ဝ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

ဒီ နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ကျင်းပနေပြီး အခမ်းအနားကို အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ စတဲ့ အင်အားကြီး နိုင်ငံ ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၇၀ ခန့် တက်ရောက်ကြဖို့ ရှိနေပါတယ်။

ပြန်လည်ပေါင်းစည်းကြတဲ့ သဘောကို ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်း နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်လ် တို့ကတော့ ပထမကမ္ဘာစစ်ပြီး ဆုံးကြောင်း လက်မှတ်ရေး ထိုးခဲ့တဲ့ ပြင်သစ်နိုင်ငံမြောက်ပိုင်း Compiègne မြို့ကို သွားခဲ့ကြပြီး စစ်ပြေငြိမ်းရေးချုပ်ခဲ့တဲ့နေရာမှာ ခေါင်းဆောင် ၂ ဦးက အမှတ်တရ စာအုပ်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ ခေါင်းဆောင်တဦးအနေနဲ့ ဒါဟာ နှစ်ပေါင်း ၇၈ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် စစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ထိုးတဲ့နေရာကို သွားရောက်တာ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ် ပြီးဆုံးတဲ့အခမ်းအနားကို တက်ရောက်လာတဲ့ ရုရှားနဲ့ အမေရိကန် သမ္မတတို့ တွေ့ကြမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့်လည်း တွေ့ဆုံဖို့ကလည်း မကြာခဏ ဆိုသလို အပြောင်းအလဲတွေ ဖြစ်နေပါတယ်။

နိုဝင်ဘာ ၇ ရက်က သူတို့ ၂ ဦး နေ့လည်စာ အတူစားမယ်လို့ ရုရှားက ပြောပေမယ့် အမေရိကန်ဘက်ကတော့ မတွေ့နိုင်ဘူးလို့ ပြောပါတယ်။