Ambassador of Conscience ယုံကြည်ချက် ကို မဆုတ်မနစ် စွဲကိုင်ထား သူ အဖြစ် ချီးမြှင့်ထားတဲ့ ဂုဏ်ပြု ဆုကို ရုပ်သိမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption အထွေထွေ အတွင်းရေးမှူး ကူမီ နိုင်ဒူး က ဂုဏ်ထူးဆောင်ဆုရုပ်သိမ်း တော့မယ့် အကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးသား ပေးပို့ ခဲ့

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့ ကပေးအပ် ထားတဲ့ အမြင့်ဆုံးဂုဏ်ပြုဆု Ambassador of Conscience ယုံကြည်ချက် ကို မဆုတ်မနစ် စွဲကိုင်ထား သူ ဆုကို ရုပ်သိမ်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ယုံကြည်ချက်တွေ ကို ဖောက်ဖျက် ခဲ့တဲ့ အတွက် အင်မတန်မှ ရှက်ရွံ့ဖွယ် ကောင်းတယ်လို့လည်း AI အဖွဲ့ က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ Amnesty International အဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ် ကာလ ၂ဝဝ၉ ခုနှစ်မှာ အဆိုပါ ဆုကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ AI ရဲ့ အထွေထွေ အတွင်းရေးမှူး ကူမီ နိုင်ဒူး က ဂုဏ်ထူးဆောင်ဆုရုပ်သိမ်း တော့မယ့် အကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးသား ပေးပို့ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး အင်အား နဲ့ လူ့ကျင့်ဝတ် သိက္ခာတွေကို အသုံးပြုပြီး လူ့အခွင့်အရေး ကိစ္စ တွေကို ကာကွယ် မပေးခဲ့ဘူးလို့လည်း ရေးသား ထားပါတယ်။

စစ်တပ် က ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ အပေါ်မှာ ဖိနှိပ်မှုတွေ လုပ်နေပြီး ဒါကို ကာကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပျက်ကွက် ခဲ့တယ်လို့ ဆိုကာ ဒီဆုကို ရုပ်သိမ်း ခဲ့တာလည်း ဖြစ်ပါတယ်။

ယုံကြည်ချက်ကို မဆုတ်မနစ် စွဲကိုင်ထားသူဆိုတာ မတရားမှုတွေ မြင်တွေ့တဲ့ အခါတိုင်း အကာအကွယ်ပေးဖို့ တာဝန် ရှိပြီး ဒီလို ကိစ္စတွေကို မျက်ကွယ် ပြု ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ် ကိုလည်း စိတ်ပျက် မိကြောင်း AI အဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲရင့် တည်ကြည် ခြင်း တို့ ရဲ့ ရှေ့ဆောင် တဦး အဖြစ် မိမိတို့ အနေနဲ့ မယုံကြည်တော့ကြောင်း ကူမီ နိုင်ဒူး က ဆို

ဒေါ်အောင်ဆန်းစုကြည် ဟာ လူ့အခွင့်အရေး ကို အကာအကွယ် ပေးသူ တဉီး၊ မျှော်လင့်ခြင်းတို့ရဲ့ ပြယုဂ်၊ ရဲရင့် တည်ကြည် ခြင်း တို့ ရဲ့ ရှေ့ဆောင် တဦး အဖြစ် မိမိတို့ အနေနဲ့ မယုံကြည်တော့ ကြောင်း ကူမီ နိုင်ဒူး က ဆိုပါတယ်။

နောက်ပြီး ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်း တို့မှာ ဖြစ်နေတဲ့ စစ်ပွဲ တွေကြောင့် လူ တစ်သိန်း လောက်ဟာ နေရပ် စွန့်ခွာ ထွက်ပြေး နေရတဲ့ ဖြစ်ရပ် ကိုလည်း NLD ခေါင်းဆောင် အနေနဲ့ လျစ်လျူ ရှုခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် က ပဋိပက္ခ ကြောင့် ဒုက္ခသည် ခုနစ်သိန်း လောက်ဟာ တဘက် နိုင်ငံထဲ ကို ထွက်ပြေးခဲ့ရကြောင်း၊ အဲဒီမှာ လွန်လွန်ကျူးကျူး ဖိနှိပ် ရှင်းလင်း မှု တွေ လုပ်ခဲ့တဲ့ စစ်တပ် ရဲ့ လုပ်ရပ် ကို ပြစ်တင် ရှုတ်ချဖို့ အစိုးရ ခေါင်းဆောင် တယောက် အနေနဲ့ ပျက်ကွက် ခဲ့တယ်လို့ AI အဖွဲ့ က ဖော်ပြပါတယ်။

ဒါ့ အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို အကာအကွယ် ပေးဖို့နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်တွေကို ခွင့်ပြု ပေးနိုင်ဖို့ အတွက် ဖိနှိပ်တဲ့ ဥပဒေ တွေကို လည်း ပြုပြင်ဖို့ ပျက်ကွက် ခဲ့တယ်လို့ ဖော်ပြပါတယ်။

NLD အစိုး ရ လက်ထက်မှာ သတင်းထောက်တွေ၊ လူအခွင့်အရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာ စုဝေး တောင်းဆို သူတွေဟာ သူတို့ ရဲ့ သက်ဆိုင်ရာ အလုပ်တွေ အတွက် ခြိမ်းခြောက်နှောင့်ယှက် ခံနေရကြောင်း လည်း AI အဖွဲ့ က ထုတ်ပြန် ခဲ့ပါတယ်။