တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲ မီးပုံးပျံ ပျက်ကျလို့ မီးလောင်ဒဏ်ရာရသူတွေရှိ

ဓာတ်ပုံ မူပိုင် Shwe Inntha Khin Maung Win/ BBC Burmese
Image caption ဒီနှစ်ပွဲတော်မှာ ညမီးကြီး မီးပုံး ၈၀ ကျော်လွှတ်တင်ဖို့ရှိ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ ဖွင့်ပွဲနေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ ညမီးကြီး အမျိုး အစား ဓာတ်ခဲမီးပုံးပျံ ပျက်ကျခဲ့တဲ့အတွက် လူ ကိုးဦးခန့်ဒဏ်ရာရသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေ မယ့် နှစ်ဦးသာ ဆေးရုံတက် ကုသခဲ့ရတာ ဖြစ်တယ်လို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီအဖွဲ့ဝင် ဒေါက်တာသန်းဝင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

မီးပုံးပျံပျက်ကျမှုကြောင့် ဒဏ်ရာရသွားသူ နှစ်ဦးက တောင်ကြီးမြို့ ၊အေးသာယာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသား နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

' ' မနေ့က ဓာတ်ခဲမီးက စတက်ပြီး ပေ ၂၀၀၊ ၃၀၀ လောက်မှာ ခါးလယ်ကပြတ်ကျတာ။ ယမ်းပိဿာချိန် ၃၅၊ ၄၀ လောက်ပါတဲ့ ညမီးကျည် အမျိုးအစားပျက်ကျတာ။ ကွင်းလယ်ခေါင်မှာပဲ ပျက်ကျတာ ပျက်ကျတာ ဆိုတော့ လူတော့ နည်းနည်း ထိတာပေါ့။ လူစည်ကားတဲ့နေရာမှာပဲ ပျက်ကျတာဆိုတော့ ထုံးစံအတိုင်း ပြေးကြလွှားကြဖြစ်တာပေ့ါ။ကျွန်တော်တို့ ကတော့ ပျက်ကျတဲ့နေရာနဲ့ ဝေးတယ်။ ဖွင့်ပွဲနေ့ဖြစ်တော့ လူတွေ လည်း ကွင်းထဲမှာ မရှင်းထားတော့ ထိကြတာ။ ညမီးကျည် မီးပုံးပျံတလုံးရဲ့ တန်ဖိုးကတော့ ဆင်တဲ့အလိုက် ကျပ် ၃၅ သိန်း ကနေ အထက်ရှိတယ်'' လို့ တောင်ကြီးမြို့ခံ ဦးဝင်း နိုင်စိုးက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Shwe Inntha Khin Maung Win/ BBC Burmese
Image caption ရက်ရှည်ကျင်းပတဲ့ တောင်ကြီး တန်ဆောင်တိုင်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဟာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တခုဖြစ်ပြီး မီးပုံပျံအမျိုးအစား အမျိုး မျိုး ကို ရာနဲ့ချီ လွှတ်တင်လေ့ရှိပါတယ်။ ဒီနှစ်ပွဲတော်ကို နိုဝင်ဘာ ၁၄ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ညလွှတ် ညမီးကျည် ၈၁ လုံး၊ စိန်နားပန် ၄၂ လုံးနဲ့ အခြား နေ့လွှတ် ညလွှတ် အရုပ်၊ မီးပုံးပျံတွေကိုလည်း ရာနဲ့ချီ လွှတ်တင်သွားဖို့ရှိတယ်လို့သိရပါတယ်။

' ' မနေ့က ဖွင့်ပွဲနေ့လည်း ဖြစ်တော့ လူတွေက အရမ်းများပြီး လွှတ်ကွင်းမှာလည်း လူတွေက ဝင်ကြည့်ကြတယ်။ ရှင်းမရဘူး။ မီးပုံးလွှတ်တဲ့နေရာမှာလူတွေရှိနေတော့ ပျက်ကျတော့ ယမ်းစတွေထိပြီး အသားလောင် သွားတာပေါ့။ ဆေးရုံ တက်ရတဲ့ထဲမှာ တဦးကတော့ သက်သာနေပါပြီ။ နောက်တဦးကလည်း အသက် အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။ ဒီနှစ်အတွက် လုံခြုံရေးအတွက် ရဲအင်အားကလည်း ၇၀၀ လောက်ချ ပေးမယ်လို့တော့သိရတယ်။ ရဲတွေကများပေမယ့် လူအုပ်ကလည်း တအားများတယ်။ အဓိကက လူတွေက လော်တွေနဲ့ အန္တရာယ်ကင်းတဲ့နေရာကပဲကြည့်ပါလို့အော်တယ်။ လွှတ်တဲ့နေရာကို ဝါးတွေနဲ့ လည်း ကာထားပေမယ့် အဲဒါတွေကို တိုးပြီး ကြည့်ကြတယ်။ အရင်နှစ်တွေကတော့ မီးသတ်အဖွဲ့တွေကလည်း လာပြီး လူရှင်းတာဘာညာလုပ်ပေးပေမယ့် ဒီနှစ်တော့ မတွေ့ရဘူး။ လူကများတော့ လုံခြုံရေးက မနိုင် ဘူးဖြစ်နေတာ။ အရင်နှစ်တွေကလည်း ဈေးမရောင်းရဆိုတဲ့နေရာမှာရောင်းတော့ ပျက်ကျတော့ အဲ့အပေါ် တည့်တည့် ပျက်ကျတော့ လူတွေသေကုန်ရော'' လို့ ပွဲတော် လုံခြုံရေးအခြေအနေကို တန်ဆောင် တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ဒေါက်တာသန်းဝင်းက ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Shwe Inntha Khin Maung Win/ BBC Burmese
Image caption ပျော်ရွှင်ပေမယ့် အန္တရာယ်များတဲ့ မီးပုံပျံလွှတ်ဓလေ့

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ပြိုင်ပွဲဝင်တဲ့ မီးပုံးပျံတွေပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ နှစ်စဉ်ဆိုသလို ရှိနေပြီး မနှစ်ကလည်း တွံတီးမီးလို့ အမည်ပေးထားတဲ့ ညမီးကျည်အမျိုး အစား မီးပုံးပျံကြောင့် လူ ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ အနက် နှစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

' ' ကျွန်တော်တို့ဆိုရင် ညမီးကျည်လွှတ်တိုင်း ခပ်ဝေးဝေးကပဲ ကြည့်တယ်။ ပျက်ကျတာက ထုံးစံလိုဖြစ် နေတော့ ဒေသခံတွေက အခြေအနေကို သိတယ်။ အဓိကက ပွဲတော်ကို အဝေးကနေ လာတဲ့သူတွေအနေနဲ့ မီးပုံးပျံတွေလွှတ်ပြီဆိုရင် ကြည့်ဖို့သတ်မှတ်ထားတဲ့ နေရာတွေကနေပဲ ကြည့်ပါ။ လေလာတဲ့ဘက်ကိုလည်း လော်တွေနဲ့အော်တာ ရှိတယ်။ နားထောင်ပါ။ အန္တရာယ်ကင်းတဲ့နေရာကပဲကြည့်ကြပါလို့ မှာချင်ပါတယ်'' လို့ တောင်ကြီး ဒေသခံ ဦးဝင်းနိုင်စိုးက သတိပြုသင့်တဲ့ အချက်တွေကို ပြောပြပါတယ်။