ရှမ်းပြည်မြောက်ပိုင်း ပန်ကူဒုက္ခသည်စခန်းက ရက်သားကလေးငယ်နဲ့ မိခင်အပါအဝင် လူ ၅ ဦးကို တပ်ကခေါ်သွား

ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေတိုးပွားလာ
Image caption ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေတိုးပွားလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စု ပန်ကူဒုက္ခသည်စခန်းက ရက်သား ကလေးငယ်နဲ့မိခင်အပါအဝင် လူ ၅ဦးကို မနေ့က နိုဝင်ဘာ ၂၀ရက်နေ့ နေ့လယ် ၁၁ နာရီ ကျော်မှာ မြန်မာ့တပ်မတော်ရဲ့ ကွတ်ခိုင်အခြေစိုက်တပ်ဖွဲ့က လာရောက်ခေါ်ဆောင် သွားတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

' ' နေ့လယ် ၁၁ နာရီကျော်ကျော်လောက်မှာ လာခေါ်သွားတာ။ ကလေးက ၁၂ ရက်သားပဲရှိသေးတယ်။ ကလေးအကြီးမလေးက ၂နှစ် ၆လ တယောက်ရယ် ကလေးအမေရယ်၊ သူတို့အိမ်ကိုလာလည်တဲ့ဧည့်သည် အမျိုးသားတစ်ယောက်ရယ် ၊ ပြီးတော့ စစ်သားတွေ ရောက်လာတော့ မီးနေသည် လန့်မှာစိုးလို့ သွားကြည့်တဲ့ ဘေးအိမ်က ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ရယ် စုစုပေါင်း ၅ ယောက်ကို ခေါ်သွားတာပါ။ ဘာကြောင့်ခေါ်သွားတာလည်းတော့မသိဘူး။ ရွာထဲက လူတွေကလည်း ကြောက်တော့ သူတို့အိမ်ကို သွားမကြည့်ရဲဘူး။ ရွာလူကြီးကလည်း တောထဲသွားနေတော့ မသိလိုက်ဘူး။ ဒီနေ့ ၆နာရီမှ ဗျူဟာရုံးက ခေါ်ထားလို့ ရွာလူကြီးသွားတယ်။ ပြန်လာမှ အကျိုးအကြောင်းသိရမယ်။'' ပန်ကူကျေးရွာသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ လတ်တလောကာလအတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ RCSS အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပေါ်နေတာကြောင့် ရွာသူရွာသားအချို့သေနတ်ထိမှန်ပြီး သေဆုံးတာတွေ ရှိနေသလို ကျေးရွာအချို့မှာ ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေရတာတွေ လည်းရှိနေပါတယ်။

' ' ဇာတ်လမ်းကရှည်တယ်။ ဟိုတစ်ညက မန်ပေါင်မှာ ကထိန်ပွဲလုပ်တယ်။ အဲ့မှာ အပြင်ကရော တပ်ကရော လာကြတယ်။ အဲ့မှာ တပ်ကလူကို ဖမ်းသွားကြတယ်။ အဲဒါနဲ့ဆိုင်မယ်လို့ထင်တယ်။ တပ်ကတော့ အခုလိုပဲ သူတို့စစ်စရာမေးစရာရှိတဲ့အခါ မေးတာမြန်းတာရှိသလို ခေါ်သွားတဲ့အခါလည်း ဘယ်သူကမှ မပြောရဲကြဘူး။'' မီးနေသည်အမျိုးသမီးတစ်မိသားစုလုံးကိုဖမ်းခေါ်သွားတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေအပေါ် ကွတ်ခိုင် မြို့ခံ တစ်ဦးဖြစ်တဲ့ ဦးခမ်းမြင့်က ဘီဘီစီကိုပြောပြပါတယ်။

ကွတ်ခိုင်အခြေစိုက်တပ်က အဆိုပါ ၅ ဦးအပြင် ဖယိုင်ကျေးရွာ နဲ့ တုန်ဆင်အွန်ကျေးရွာမှာ ရွာသူ ရွာသား ၄ဦးကိုလည်း မနေ့က နေ့လယ် ၁နာရီဝန်းကျင်မှာပဲ ကွတ်ခိုင်အခြေစိုက်စစ်ဗျုဟာကုန်းကို ဖမ်းခေါ်သွားခဲ့ တယ်လို့လည်း TNLA တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။