မြေလွတ် မြေရိုင်း ဥပဒေသစ်က ဒေသခံတွေရဲ့ မြေယာတွေ သိမ်းခွင့်ပေးမယ့်ဥပဒေလား

ချင်းတောင်မှာ တောင်ယာလုပ်ရင်း အနားယူနေသူ ချင်းအမျိုးသမီးများ ဓာတ်ပုံ မူပိုင် EKO
Image caption ချင်းတောင်မှာလည်း ဒေသခံတွေက သူတို့ရဲ့ မိရိုးဖလာ ပိုင်ဆိုင်လာတဲ့မြေတွေကို မြေလွတ် မြေလပ် မြေရိုင်းအဖြစ် သတ်မှတ်ပြီး အသိမ်းခံရမလား စိုးရိမ်နေကြပါတယ်

အစိုးရက ပြီးခဲ့တဲ့ လအတွင်းက အသစ် ပြဋ္ဌာန်း ထုတ်ပြန်လိုက်တဲ့ 'မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' ကြောင့် မြန်မာနိုင်ငံတစ်ဝန်းက သန်းနဲ့ချီတဲ့ မြေဧကတွေပေါ်မှာ လုပ်ကိုင်နေကြတဲ့ စိုက်ပျိုး မွေးမြူရေးသမားတွေ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေ အပေါ် ထိခိုက်လာနိုင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း တွေက ပြောပါတယ်။

ဒီ ဥပဒေဟာ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ စီမံခန့်ခွဲမှုကို အသိအမှတ်မပြုထားတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ မြေယာပိုင်ဆိုင်မှု ဆုံးရှုံးလာနိုင်တာကြောင့် ကန့်ကွက်နေကြသလို မြေပြန့်က တောင်သူတွေကလည်း ဒီဥပဒေ ကြောင့် သူတို့ အားထားနေရတဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးမှာ စိုးရိမ်နေကြကြောင်း သူတို့က ဆိုပါတယ်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဓိပ္ပာယ်ဖွင့်ကြပုံတွေ

တိုင်းရင်းသားတွေရဲ့ မြေအပေါ်ထားရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အစိုးရဘက်က အဓိပ္ပာယ်ဖွင့်ဆိုချက် မတူညီတာကို အစိုးရဘက် က အလေးထားကြည့်ဖို့ လိုအပ်တယ်လို့ ဒို့မြေကွန်ရက်က ကိုစည်သူက ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက်က မြေလွတ်၊ မြေလပ်ကို အဓိပ္ပာယ်ဖွင့်ရာမှာ လူတွေစိုက်ပျိုးထားတာ မရှိတဲ့မြေ၊ နှစ်အနည်းငယ်ပဲ လုပ်ကိုင်ပြီး ဆက်မလုပ်တော့တဲ့ မြေတွေ ပါဝင်ပြီး မြေရိုင်းမှာတော့ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးမြေအဖြစ် အသုံး မပြုရသေးတဲ့ မြေတွေ ပါဝင်ပါတယ်။

ဒေသခံတိုင်းရင်းသားတွေမှာတော့ သူတို့ မိရိုးဖလာ ဓလေ့အတိုင်း ဓားမဦးချမြေအဖြစ် သတ်မှတ်ထားကြကာ အဲဒီမြေတွေပေါ်မှာ မှီခို အသက်မွေးဝမ်းကျောင်းကြတာ ဖြစ်ပြီး သူတို့အတွက်တော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဆိုတာမျိုး မရှိဘူးလို့ ကိုစည်သူက ပြောပါတယ်။

သူက "တိုင်းရင်းသားတွေမှာ အများပိုင်မြေ၊ အထွတ်အမြတ်ထားရာမြေ၊ တစ်သီးပုဂ္ဂလ ပိုင်ဆိုင်တဲ့မြေ၊ ဘိုးစဉ်ဘောင်ဆက်မြေ ဒါတွေရှိတယ်။ ဥပမာ သစ်တောအုပ် တစ်ခုဟာ တိုင်းရင်းသားတွေအတွက် သူတို့အစဉ်အလာ အတိုင်း အသက်မွေးဝမ်းကျောင်း ပြုရတဲ့ နေရာတစ်ခုဖြစ်တယ်။ ဆေးဥဆေးမြစ်တွေ တူးမယ်၊ အမဲလိုက်မယ်၊ ဒါပေမယ့် အစိုးရ အမြင်မှာတော့ ဒါဟာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းပဲ" လို့ ပြောပါတယ်။

မြေပြန့်အညာအရပ်က တောင်သူတွေကလည်း ဒီ ဥပဒေကြောင့် သူတို့လယ်ယာတွေ ဆုံးရှုံးရမှာကို စိုးရိမ်ကြပါတယ်။ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂ ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် မြေယာနဲ့ပတ်သက်တဲ့ဥပဒေတွေကို လယ်သမားတွေ နားလည်နိုင်အောင် အကျိုးဆောင်ရှင်းပြနေသူလည်းဖြစ်တဲ့ ဦးအောင်ကျော်ကျော် က "အစိုးရ စာရင်းဇယားတွေထဲမှာ မြေလွတ်မြေလပ်မြေရိုင်းအဖြစ် ရှိနေပေမယ့် တကယ်အပြင်မှာ တောင်သူတွေက အဲဒီမြေတွေအပေါ်မှာ လုပ်ကိုင်စားသောက်နေကြရတာတွေ အများကြီးပဲရှိတယ်" လို့ ဆိုပါတယ်။

ဒီမြေတွေနဲ့ပတ်သက်ပြီး အသုံးပြုခွင့် ပြန်လည်လျှောက်ထားတာကို သတ်မှတ်ထားတဲ့ အချိန် ၆ လတာ ကာလအတွင်း မလုပ်ခဲ့ရင်၊ လျှောက်ထားပေမယ့် အသုံးပြုခွင့် ချပေးတာ မခံရရင် အစိုးရ က ပြန်လည် သိမ်းယူနိုင်ခွင့် ဒီ ဥပဒေ က ပေးအပ်ထားပါတယ်။

အဲသလို ကာလသတ်မှတ်ချက်ကို ပြင်ဆင်ရလွယ်ကူတဲ့ နည်းဥပဒေမှာ ထည့်မထားပဲ ဥပဒေထဲ ထည့်သွင်းပြဋ္ဌာန်းတဲ့အချက် ကလည်း စိုးရိမ်စရာ ဖြစ်နေစေတယ်လို့ ဦးအောင်ကျော်ကျော်က ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ကိုပါ ထိခိုက်စေနိုင်တယ်လို့ တချို့က ထောက်ပြ

ဘယ်လို လျှောက်ထားရမှာလဲ

၂၀၁၈ စက်တင်ဘာလ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေအရ ဒီမြေတွေကို အသုံးပြုလိုသူတွေဟာ ၆ လအတွင်း မှတ်ပုံတင်လျှောက်ရမှာဖြစ်လို့ ၂၀၁၉ မတ်လ ၁၁ ရက် ကို နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ အစဉ်အလာအရ သတ်မှတ်ထားတဲ့ မိရိုးဖလာမြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် မှတ်ပုံတင်မယ်ဆိုရင် ဘယ်အချိန်ကစပြီး လုပ်ခဲ့တယ်၊ ဘယ်လိုမြေ အမျိုးအစား ဖြစ်တယ် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရေးသားပြီး အစိုးရဆီမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ခွင့်ပြုမိန့်မရှိဘဲ လက်ရှိ အသုံးပြုနေသူတွေအနေနဲ့လည်း စိုက်ပျိုးရေးအတွက် ဧက ၃၀၀ နဲ့အထက်၊ မွေးမြူရေးအတွက် ဧက ၅၀ နဲ့အထက်ဆိုရင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို လျှောက်ထားရမှာ ဖြစ်ပြီး အဲဒီပမာဏထက် နည်းတဲ့ ဧရိယာဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးက အဲဒီသက်ဆိုင်ရာ ကော်မတီတွေကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

၂၀၁၉ မတ်လ ၁၁ ရက်အထိ လျှောက်ထားခြင်းမရှိဘဲ၊ အသုံးပြုခွင့်မရှိဘဲ အသုံးပြုနေမယ်ဆိုရင် အသုံးပြုသူဟာ ထောင်ဒဏ် ၂နှစ်ဖြစ်ဖြစ်၊ ငွေဒဏ် ကျပ် ၅သိန်းဖြစ်ဖြစ် ဒါမှမဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်ခံရမှာ ဖြစ်တယ်လို့ ဥပဒေက သတ်မှတ် ထားပါတယ်။

တိုင်းရင်းသားနယ်မြေတွေက ဒေသခံတွေရော၊ မြေပြန့်က တောင်သူတွေပါ ဒီဥပဒေအကြောင်းနဲ့ ဒီဥပဒေနဲ့အညီ ဘယ်လို လျှောက်ထားရမလဲဆိုတာ သိရှိမှု နည်းကြတယ်လို့လည်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေလာဖို့ မြေလိုအပ်

ဘိုးဘွားပိုင်မြေတွေ က အထောက်အထားစာရွက်စာတမ်းမရှိကြသလို အစိုးရဖက်ကလည်း ဒီမြေတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ရခက်နေတာကို ထောက်ပြကြသူတွေလည်းရှိပါတယ်။မြေလွတ် မြေရိုင်းတွေကို တန်ဖိုးရှိတဲ့မြေတွေအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ချင်းပြည်နယ် ကုန်သည်နဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦကပ်ခင်းပေါင် က ဘီဘီစီ ကို ပြောပါတယ်။ "စီးပွားရေး သဘောအရပြောရင် ဒေသခံ တဦးတယောက်အနေနဲ့ မြေဧက ၁၀၀ ပိုင်တယ်ပဲ ဆိုဆို၊ ၂၀၀ ပိုင်တယ်ပဲ ဆိုဆို၊ တကယ်က သူတို့ငွေလိုတယ်ဆိုရင် အဲဒီမြေတွေက သူတို့ပေါင်လို့လည်းမရဘူး၊ ဘာမှလုပ်လို့မရဘူး၊ အစိုးရက ညှိနှိုင်းပြီး သူတို့ ကို ပိုင်ဆိုင်မှုအဖြစ်ထုတ်ပေးရင် သူတို့ အတွက် ဒီမြေတွေက တန်ဖိုးရှိအရာတခုဖြစ်လာနိုင်သလို အစိုးရကလည်း ပြန်လည်အသုံးချလို့ရလာမယ်" လို့ဆိုပါတယ်။

ဒေသခံတိုင်းရင်းသားတွေရဲ့ အသံ

မူလမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီကတည်းက ဒီဥပဒေဟာ မြေသိမ်းဖို့ လုပ်တဲ့ ဥပဒေဆိုပြီး ဖျက်သိမ်းပေးဖို့ ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ပြင်ဆင်လိုက်တဲ့ အဲဒီ ဥပဒေဟာ အဲဒီမြေတွေကို အသုံးချပြီး စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ ပြင်ဆင်ခဲ့တာလို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်တာကိုပဲ ဦးစားပေးတာကြောင့် တစ်ပိုင် တစ်နိုင်ပဲ လုပ်ကိုင်နိုင်မယ့် ဒေသခံတိုင်းရင်းသားတွေအတွက် ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ကိုစည်သူက ပြောပါတယ်။

"အိမ်ရှင်ဘဝကနေ ဧည့်သည်ဖြစ်သွားစေမယ့် ဥပဒေပါ။ ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်း ပိုင်ဆိုင်မှုကနေ အစိုးရက ငှားတဲ့ နှစ် ၃၀ ကာလ အတွင်းမှာပဲ လုပ်ကိုင်ခွင့်ရသလိုဖြစ်ပြီး ကိုယ့်မြေကို အစိုးရကို ထိုးအပ်သလို ဖြစ်သွား နိုင်တယ်" လို့ သူက ဆိုပါတယ်။

အခုပြင်ဆင်တဲ့ ဥပဒေက မူလ တိုင်းရင်းသားနယ်မြေတွေမှာ ကျင့်သုံးနေတဲ့ မြေယာခွဲဝေမှုနဲ့ တိုင်းရင်းသား အများစုက တောင်းဆိုဆွေးနွေးနေတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတဲ့ ဖက်ဒရယ်မူတွေကို ပြောင်းပြန်ဖြစ်သွားစေသလို အစိုးရက လက်မှတ်ထုတ်ပေးမှ တိုင်းရင်းသားတွေက ဒီမြေမှာ လုပ်ကိုင်ရမလို ဖြစ်နေတယ်လို့ လည်း ကိုစည်သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Eko
Image caption မြေယာ ဟာ တိုင်းရင်းသားအများစုအတွက် သူတို့အသက်မွေးဝမ်းကျောင်းမှီတည်ရာဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်က မြေယာအရေး လှုပ်ရှားနေသူ ဒေါ်ဘောက်ခေါင်က ဒေသခံတွေရဲ့ စီးပွားရေးဟာ ဒီမြေယာတွေအပေါ် မှီတည်နေရပြီး အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဒေသခံတွေကို မြေယာမဲ့စေမယ့် ဥပဒေလို့ပဲ မြင်နေကြကြောင်း ပြောပါတယ်။

မြေယာဟာ တိုင်းရင်းသားတွေအတွက် စီးပွားရေး လူမှုရေးအရ အရေးပါတဲ့အတွက် အားလုံး အဖြေရှာနိုင်ဖို့ ဝိုင်းဆွေးနွေးနေကြပြီး ဒေသခံ တိုင်းရင်းသား တောင်သူတွေ မြေယာမဲ့စေမယ့် ကိစ္စတွေကို ဆက်လက် ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ သူ ကဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စီးပွားရေးသုံးသပ်ချက် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု