တောင်ကိုရီးယား TV ဇာတ်လမ်းမှာ သရုပ်ဆောင်ခွင့်ရတဲ့ ပထမဆုံး မြန်မာ ကျောင်းသူလေး

လှယမင်းအိမ် ဓာတ်ပုံ မူပိုင် Hla Yamin Eain Facebook
Image caption တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ မြန်မာတွေထဲမှာ မလှယမင်းအိမ်လည်း ပါဝင်

တောင်ကိုရီးယားက နာမည်ကြီး ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ ဟန်ဆယ်နာ ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင်တစ်ဦး ပါဝင်သရုပ်ဆောင်နေ ပါတယ်။

MBC ရုပ်မြင်သံကြားရဲ့ Surprise Mystery အစီအစဉ်မှာ ပါဝင်တဲ့ အဲဒီသရုပ်ဆောင်က တောင်ကိုရီးယားကို ကျောင်းတက်ဖို့ ရောက်သွားတဲ့ မြန်မာလူငယ် မလှယမင်းအိမ်ပဲ ဖြစ်ပါတယ်။ ဟန်ဆယ်နာ ဆိုတာက တောင်ကိုရီးယားမှာ မလှယမင်းအိမ်ရဲ့ သရုပ်ဆောင်နာမည် ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန် နှစ်တွေကတည်းက စတင်ခဲ့တဲ့ Surprise Mystery ဆိုတဲ့ အစီအစဉ်ဟာ MBC ရုပ်မြင်သံကြားရဲ့ သက်တမ်း အကြာဆုံး အစီအစဉ် တစ်ခုဖြစ်ပြီး ဖြစ်ရပ်မှန်အခြေခံတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတိုတွေ ကို ပြသ ပါတယ်။ ဒီအစီအစဉ်ကို နှစ်ပတ်တစ်ခါ ထုတ်လွှင့် ပြသနေပါတယ်။

အခုဆိုရင် မလှယမင်းအိမ် သရုပ်ဆောင်ထားတဲ့ အစီအစဉ်နှစ်ခု ရုပ်မြင်သံကြားမှာ ပြသပြီးပါပြီ။ အောက်တိုဘာ ၂၈ ရက်နေ့က ပြတဲ့ ပထမ ဇာတ်လမ်းက The Twins ဖြစ်ပြီး ဒုတိယ ဇတ်လမ်းက Unlucky 26 ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ မလှယမင်းအိမ်က အင်္ဂလိပ် စကားပြောနဲ့ သရုပ်ဆောင်ရပြီး တောင်ကိုရီးယား စာတမ်းထိုးပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Hla Yamin Eain Facebook
Image caption ဗိသုကာပညာသင်ကြားခဲ့ပေမယ့် သရုပ်ဆောင် ဝါသနာပါသူ မလှယမင်းအိမ်

ဗိသုကာကနေ သရုပ်ဆောင်ဖြစ်လာ

မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ ဗိသုကာ ပညာဘွဲ့ရရှိထားပြီး မဟာဘွဲ့တွေ ဆက်တက်ဖို့ ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားနိုင်ငံကို လွန်ခဲ့တဲ့ ၇ လက ရောက်လာခဲ့တဲ့ မြန်မာကျောင်းသူလေးဟာ ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့သူပါ။

တောင်ကိုရီးယားရောက်ရောက်ချင်းမှာ ကိုရီးယား ဘာသာစကား သင်နေရင်း ဘယ်ဘာသာရပ်ကို ဆက်လေ့လာမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘဲ ရှိနေခဲ့ရာက အခုတော့ ရုပ်ရှင်ပညာ မဟာတန်း တက်ဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချလိုက်နိုင်ပြီလို့ မလှယမင်းအိမ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြသတဲ့ ကိုရီးယား ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှု ခံရသူတစ်ယောက်ပီပီ မလှယမင်းအိမ်ဟာလည်း တောင်ကိုရီးယားကို သွားချင်၊ ရောက်ချင်၊ ပညာသင်ချင်တဲ့စိတ်တွေ ရှိခဲ့တဲ့ အပြင် တောင်ကိုရီးယား အနုပညာ လောကထဲကို ရောက်ချင်တဲ့ စိတ်ကူးတွေလည်း ယဉ်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားကို မရောက် ရောက်အောင် သွားခဲ့ပြီး ရောက်တာနဲ့ အနုပညာ လမ်းကြောင်းထဲကို ဘယ်လို ဝင်နိုင်မလဲ ဆိုတာ စုံစမ်းခဲ့တယ်လို့ မလှယမင်းအိမ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Hla Yamin Eain Facebook
Image caption အိပ်မက်တွေ အကောင်အထည်ပေါ်အောင် ကြိုးစားခဲ့တယ်ဆိုတဲ့ ကိုရီးယား တီဗီ မင်းသမီးလေး ဟန်ဆယ်နာ

အနုပညာ လမ်းကြောင်းရှာ

တောင်ကိုရီးယားရောက်သွားချိန်မှာ သူသွားချင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်း ရောက်သွားခဲ့ပေမယ့် အလွယ်တကူ ရောက်သွားတာတော့ မဟုတ်ပါဘူး။

တေးဂီတကိုလည်း ဝါသနာပါသူမို့ တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် K-Pop ဂီတ အဖွဲ့တစ်ခုခုထဲကို ဝင်ချင်လို့ လူရွေးပွဲခေါ်တဲ့ ကြော်ငြာတွေကို ကြည့်ပြီး ဝင်ပြိုင်ဖို့ စိတ်ကူးခဲ့ပါတယ်။

ဒါပေမယ့် K-Pop ဂီတ အဖွဲ့က ဆယ်ကျော်သက်တွေကိုသာ ခေါ်တာ ဖြစ်ပြီး ၁၆ နှစ် ကျော်ရင်တောင် မခေါ်ဘူးလို့ မလှယမင်းအိမ်က ပြောပါတယ်။

ဒါကြောင့် တောင်ကိုရီးယားကို ရောက်ချိန်မှာ အသက် ၂၂ နှစ် ပြည့်ပြီးဖြစ်တဲ့ မလှယမင်းအိမ်အတွက် K-Pop ဂီတ အဖွဲ့၀င်ဖြစ်ဖို့ မျှော်လင့်ချက်တွေ ကုန်ဆုံး သွားခဲ့ရပါတယ်။

ဒါကြောင့် သရုပ်ဆောင်ဘက် ခြေဦးလှည့်ဖို့ကိုသာ ကြိုးစားခဲ့ပါတယ်။

သရုပ်ဆောင်သစ် ခေါ်တဲ့ ကြော်ငြာတိုင်းကို စောင့်ကြည့် လျှောက်လွှာတင်ပြီး လူရွေးပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ မလှယမင်းအိမ်ကို MBC ရုပ်မြင်သံကြားက သဘောကျပြီး ရွေးချယ်လိုက်တဲ့ အတွက် အခုတော့ တောင်ကိုရီးယား ရုပ်မြင်သံကြားမှာ မြန်မာ ကျောင်းသူလေးရဲ့ သရုပ်ဆောင်မှုတွေ တွေ့မြင်နေရပြီဖြစ်ပါတယ်။

တောင်ကိုရီးယားကို ရောက်ပြီး လပိုင်းအတွင်းမှာ တောင်ကိုရီးယား ရုပ်မြင်သံကြား လောကထဲ ဝင်ရောက် သရုပ်ဆောင်ခွင့်ရတာ ကံကောင်းတယ်လို့ ပြောနိုင်ပေမဲ့ ကိုယ်တိုင် ကြိုးစား အားထုတ်မှု မရှိရင်တော့ ဒီလို ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ မလှယမင်းအိမ်က ပြောပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ရောက်နိုင်ဖို့ ကိုယ့်ဘက်က နေ့စဉ်နေ့တိုင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်နေဖို့ လိုအပ်တယ်လို့ သူက ပြောပြတယ်။

ဓာတ်ပုံ မူပိုင် Hla Yamin Eain Facebook
Image caption ကျောင်းပြီးလို့ မြန်မာပြည် ပြန်ရောက်ရင် ဒါရိုက်တာ လုပ်ချင်တယ်လို့ ပြောတဲ့ မလှယမင်းအိမ်

ဒီလို ကြိုးစားမယ် ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အနှေးနဲ့ အမြန် ရောက်ရမှာ မလွဲပါဘူးလို့ လည်း မလှယမင်းအိမ်က ပြောပါတယ်။

သူ့အနေနဲ့ အခု တောင်ကိုရီးယားမှာ အနုပညာ ခရီးလမ်းပေါ် စတင် ရောက်လာခါစပဲ ရှိသေးတဲ့ အတွက် ရှေ့ဆက် လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ တခြား ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ ပါဝင်နိုင်ဖို့နဲ့ ရုပ်ရှင် လောကထဲကို ဝင်နိုင်ဖို့ အထိ ရည်မှန်း ကြိုးစားဦးမယ်လို့ လည်း ဆိုပါတယ်။

လောလောဆယ် ကျောင်းတက်ရင်း ရုပ်မြင်သံကြား အစီအစဉ်တွေ ရိုက်ကူးသွားမယ့် မလှယမင်းအိမ်က ဘွဲ့ရပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်ပြီး ဒါရိုက်တာလုပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟောလီးဝုဒ်ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ မိုရီဆာကီဝင်း

ဆက်စပ် အကြောင်းအရာများ