ကာဒီနယ်ချားလ်စ်မောင်ဘို အာရှ ကက်သလစ်ဂိုဏ်းချုပ်အဖွဲ့ ဦးဆောင်မယ်၊ မြန်မာနိုင်ငံမှာ မွေးကင်းစကလေးသေနှုန်း တထောင်မှာ ၂၅ ယောက် ရှိနေ အပါအဝင် သတင်းများ

ဓာတ်ပုံ မူပိုင် Alessandra Benedetti/Corbis via Getty Images
Image caption ချားလ်စ်မောင်ဘိုကို ပုပ်ရဟန်းမင်းကြီး Francis က ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့

ကာဒီနယ်ချားလ်စ်မောင်ဘို အာရှတိုက်ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ FABC ကို ဥက္ကဌ အဖြစ် ဦးဆောင်မယ်

မြန်မာနိုင်ငံက ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘို ဟာ အာရှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများအဖွဲ့ FABCရဲ့ ဥက္ကဋ္ဌအဖြစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ FABC ဗဟို ကော်မီတီမှာ ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကာဒီနယ်ချားလ်စ်မောင်ဘိုဟာ သူ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာပြည် ကက်သလိပ် ခရစ်ယာန် သာသနာ သမိုင်း

မြန်မာနိုင်ငံမှာ မွေးကင်းစကလေးသေဆုံးမှုနှုန်းဟာ အရှင်မွေးကလေး ၁၀၀၀ မှာ ၂၅ ဦးနှုန်းရှိနေ

မြန်မာနိုင်ငံမှ မွေးကင်းစကလေးသေဆုံးမှုမှာ အရှင်မွေးကလေး(၁၀၀၀)လျှင် (၂၅)ယောက်နှုန်း သေဆုံး နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပါတယ်။

မွေးကင်းစကလေးသေဆုံးမှုနှုန်းကို လျှော့ချနိုင်ဖို့အတွက် အရေးကြီးတဲ့မိခင်နို့ကို တိုက်ကျွေးနိုင်ဖို့အတွက် မိခင်နို့ဘဏ်တွေကို တိုးချဲ့အကောင်အထည်ဖော်သွားဖို့စီစဉ်နေတယ်လို့လည်းဒေါက်တာသီတာလှက နိုဝင်ဘာ၂၀ရက်နေ့မှာ ကျင်းပခဲ့တဲ့ "မွေးကင်းစကလေး ကုသ ဆောင်တွေမှာ မိခင်နို့ဘဏ်တိုးချဲ့ ထားရှိရန် အတွက် အသိပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား" မှာပြောဆိုခဲ့ပါတယ်။

မိခင်နို့ဘဏ်စနစ် ဟာ ရေတိုကာလအတွင်း မိခင်နို့မရရှိနိုင်တဲ့၊ မိခင်နို့မလုံလောက်တဲ့ ကလေးငယ်တွေကို စိတ်ချရပြီး အရည်အသွေးပြည့်မှီတဲ့ မိခင်နို့များရရှိစေရန် ရည်ရွယ်တာဖြစ်ပြီူ ကမ္ဘာတစ်ဝှမ်းမှာ မိခင်နို့ဘဏ် စုစုပေါင်း(၅၅၀)ခန့်ရှိကြောင်း၊ မြန်မာနိုင်ငံမှာတော့ ၂ခုသာရှိသေးတယ်လို့သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)နဲ့ ရန်ကင်းကလေးဆေးရုံကြီး၂ခုမှာပဲ မိခင်နို့ဘဏ်တွေ ထားရှိ နိုင် သေးတဲ့အတွက် ကလေး ဆေးရုံကြီး(ရန်ကုန်)၊ မြောက်ဥက္ကလာပသင်ကြာရေးဆေးရုံကြီး၊ ဗဟိုအမျိုး သမီးဆေးရုံကြီး (မန္တလေး)၊ ကုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး (မန္တလေး)၊ ကုတင်(၃၀၀) ဆံ့သင်ကြား ရေးဆေးရုံကြီး (မန္တလေး)၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး(တောင်ကြီး)တွေမှာ တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်ဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် JIM WATSON/AFP/GETTY IMAGES
Image caption သမ္မတထရမ့်ကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်

တရားမဝင်ရွှေ့ပြောင်းတွေကို ပိတ်ပင်မယ့်အရေး ထရမ့်နဲ့ တရားသူကြီးချုပ်တို့အကြား အပြန်အလှန် အငြင်းပွား

အမေရိကန်မှာတော့ သမ္မတနဲ့ တရားရုံးချုပ် တရားသူကြီးချုပ်တို့ကြား အပြန်အလှန်ပြောဆိုမှု တွေရှိနေပါတယ်။

အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ တရားမဝင်ရွှေ့ပြောင်းတွေကို ရပ်သွားအောင်လုပ်မယ့် ဥပဒေ တစ်ရပ်ကို တရားရုံးတစ်ခုက ယာယီ ပိတ်ပင်လိုက်ပြီးနောက်မှာ သမ္မတထရမ့်က တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်ကို အိုဘားမား ရဲ့တရားသူကြီးလို့ ပြောထားတာပါ။

တရားသူကြီးချုပ်ကတော့ အိုဘားမားတရားသူကြီး၊ ထရမ့်တရားသူကြီး၊ ဘုရှ်တရားသူကြီးနဲ့ ကလင်တန် တရားသူကြီးဆိုတာမျိုး အမေရိကန်မှာ မရှိဘူးလို့ ပြန်လည်တုံ့ပြန် ထားပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ကတော့ဥပဒေကို ယာယီပိတ်လိုက်တာဟာ နိုင်ငံ့ဘေးကင်းရေးကို အန္တရာယ်ဖြစ်စေတဲ့ လူတွေရဲ့ တရားရေးဆိုင်ရာတက်ကြွလှုပ်ရှားမှုတစ်ရပ်လို့ ပြန်လည်ဝေဖန်ထားပါတယ်။

သီရိလင်္ကာနိုင်ငံ မန်နာမြို့မှာတွေ့ခဲ့တဲ့ လူအစုလိုက်မြှုပ်ထားတဲ့နေရာဟာ အရင်တွေ့ခဲ့တဲ့နေရာတွေထက် လူ့အရိုးတွေအများဆုံးမြှုပ်ထားတဲ့နေရာဖြစ်လာ

သီရိလင်္ကာမှာတော့ နိုင်ငံအနောက်မြောက်ပိုင်း မန်နာမြို့မှာ အခုနှစ်အစောပိုင်းတုန်းကတွေ့ခဲ့တဲ့ လူအစု လိုက် အပြုံလိုက်မြှုပ်ထားတဲ့နေရာဟာ နိုင်ငံထဲမှာတွေ့ထားတဲ့အလားတူနေရာတွေထဲမှာ လူ့အရိုးတွေ အများဆုံး ရှိနေတဲ့ နေရာလို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

အဲဒီနေရာမှာ သြဂုတ်လတုန်းက လူ့အရိုး ၉၀ လောက် တွေ့ထားရာကနေ အခုတော့ ၂၃၀ ကျော်အထိ တွေ့ထားတာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၂၀၀၉ မှာ ပြီးခဲ့တဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း အနည်းဆုံး လူပေါင်း ၂ သောင်းလောက် ပျောက်ဆုံးခဲ့တယ်လို့ ပြောထားပါတယ်။ အဲဒီပြည်တွင်းစစ်မှာ သီရိလင်္ကာ တပ်ဖွဲ့တွေနဲ့ တမီလ်ခွဲထွက်ရေး သူပုန်တွေကြားက တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၁ သိန်း သေဆုံးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ