မောင်တောမှာ ဒုက္ခသည်စခန်းကနေ မပြန်နိုင်တဲ့ ဟိန္ဒူဒုက္ခသည်တွေ ဘာအခက်အခဲတွေရှိနေကြလဲ

မောင်တောက ဟိန္ဒူ ဒုက္ခသည်စခန်းမှာ ကျောင်းနေအရွယ်ကလေးငယ် ၁၄၀ကျော်ရှိ ဓာတ်ပုံ မူပိုင် AIDAN JONES/AFP/Getty Images
Image caption မောင်တောက ဟိန္ဒူ ဒုက္ခသည်စခန်းမှာ ကျောင်းနေအရွယ်ကလေးငယ် ၁၄၀ကျော်ရှိ

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာရတဲ့ ဟိန္ဒူဘာသာဝင် တစ်ထောင်ကျော်ဟာ မောင်တောမြို့နယ် ခရိုင်ထွေအုပ်ရုံး အနီးမှာဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာနေထိုင်နေကြတာအခုဆိုရင် ၁၁ လကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒုက္ခသည် စခန်းမှာ ၁၁ လကျော်ကြာနေထိုင်ခဲ့တဲ့အချိန်အတွင်း အစိုးရရဲ့ ရိက္ခာထောက်ပံ့မှုကို ၇ခုနှစ်ကြိမ် သာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး နိုဝင်ဘာလအထိ ၃လခွဲကျော် အထောက်အပံ့မရတဲ့အတွက် ဒုက္ခသည်စခန်းမှာ နေထိုင် နေကြသူ တွေဟာ အတော်လေး ဒုက္ခရောက်ကုန်ကြတယ်လို့ အဆိုပါဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ဟိန္ဒူဘာသာဝင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးနီမော်ကဘီဘီစီကိုပြောပြပါတယ်။

ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်နေတဲ့ သတင်းကို ဘီဘီစီက နိုဝင်ဘာ ၂၀ရက်နေ့မှာ ရေဒီယိုသတင်းမှာထုတ်လွှင့်အပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ခရိုင်အထွေထွေအုပ်ချုပ်ရုံးကတဆင့် အစိုးရအဖွဲ့ရဲ့ ရိက္ခာအထောက်အပံ့ကို ပြန်လည်ရရှိခဲ့တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

' 'ဒီမှာရှိတဲ့ သူတွေအကုန်လုံးကအရင်ကတည်းက လက်လုပ်လက်စားတွေချည်းပဲ။ လုပ်ငန်းရှင်တွေလည်း မပါဘူး။ ဆံပင်ညှပ်တာတို့ ပန်းတိန်လုပ်တာတို့လုပ်ကြတာလေ။ အခု ဒုက္ခသည်စခန်းမှာနေပေမယ့်လည်း အလုပ်လုပ်ကြပါတယ်။ တခုရှိတာက ဒီမှာက အလုပ်အကိုင်ကရှားတော့ အလုပ်ကြမ်းလောက်ပဲရှိတော့ လုပ်နိုင်တဲ့သူတွေကအဆင်ပြေတယ်။ မလုပ်နိုင်တဲ့သူတွေက စားဝတ်နေရေးခက်ခဲတယ်'' လို့ မောင်တောမြို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အခက်အခဲကို ဦးနီမောလ်ကပြောပြပါတယ်။

မောင်တောမြို့ ခရိုင်ထွေအုပ်အနီးမှာဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာ ဟိန္ဒူဘာသာဝင် ၁,၂၂၅ ဦးရှိ ပြီး ကြိမ်ချောင်း၊ လက်ပံလှ အင်းဒင် တောင်ပြို အမုန်းဆိပ် စတဲ့ကျေးရွာတွေမှာနေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ မနှစ်က သြဂုတ်လအတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း စစ်တွေမြို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ဟိန္ဒူဘာသာဝင်တွေထဲက စစ်တွေမြို့ကို ထွက် ပြေးခဲ့သူတွေ စုပြီးနေထိုင်နေကြတာဖြစ်ပါတယ်။

' ' စစ်တွေကနေပြီး အစိုးရက ကိုယ့်နေရပ်ကိုယ်ပြန်ကြဆိုတော့ ဟိုဘက်မှာလည်း ဟိန္ဒူဘာသာ ဝင်တွေ အဆွဲခံရတာတွေ အသတ်ခံရတာတွေ အိမ်တွေမီးရှို့ခံရတာတွေလည်းရှိတော့ မပြန်ရဲကြဘူး ဆိုပြီး တောင်းဆိုလို့ အစိုးရက မောင်တော မှာပဲ စခန်းဖွင့်ပေးထားတာ။ ဒီထဲမှာ တချို့လည်း နေအိမ်တွေ မီးရှို့ခံ လိုက်ရလို့ မရှိတဲ့သူတွေရှိသလို တချို့ကတော့ အိမ်တွေရှိနေသေးပေမယ့်လည်း ပြန်မနေရဲကြလို့ ခုထိ စခန်းကနေမပြန်နိုင်ကြဘူး ။ အစိုးရက အောင်ဗလတို့ ဘာတို့ဘက်မှာ နေအိမ်တွေဆောက်ပေးနေတာ ရှိတယ်။ အဲဒီမှာ ဒီကသင့်တော်တဲ့သူတွေကို နေအိမ်တွေပြန်ပေးမယ်လို့ပြောတယ်။ စခန်းကလူ တွေက တော့ အစိုးရကစီစဉ်ပေးတဲ့နေရာမှာ နေကြဖို့ ဆန္ဒရှိကြပါတယ်။ အခုတော့ အလုပ်အကိုင် က ရှားတော့ စားဝတ်နေရေးတွေအတွက်ပဲ ပူနေရတာ'' လို့ ဦးနီမောလ်ကပြောပြပါတယ်။

မောင်တောမြို့မှာရှိတဲ့ ဟိန္ဒူဒုက္ခသည်စခန်းမှာ လူဦးရေ ၁,၂၂၅ ဦးရှိတဲ့အနက် ကျောင်းနေအရွယ် ကလေး ဦးရေက ၁၄၀ကျော် ရှိတယ်လို့လည်းသိရပါတယ်။

' ' ဒုက္ခသည်စခန်းတွေကို ရိက္ခာကလည်း ပုံမှန်ထောက်ပံ့နိုင်တာမျိုးမရှိဘူး။ အလုပ်အကိုင် အခွင့်အလမ်း ကိုလည်း အစိုးရအနေနဲ့ ရှာဖွေပေးနိုင်တာမျိုးတော့မရှိဘူး။ ရခိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာနေထိုင်သူ တွေကို နေရာပြန်ချဖို့ အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်အနေနဲ့ တိုက်တွန်းထားတာရှိတယ်။ ဒုက္ခသည် တွေနေဖို့ နေအိမ်တွေဆောက်ထားတာတွေလည်းရှိတယ်။ ဒါပေမယ့် အစိုးရအဖွဲ့အနေနဲ့ အခုထိတော့ နေရာချပေးနိုင်ခြင်း တော့မရှိသေးဘူး'' လို့လည်း ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီးမောင်တောမြို့နယ် လွှတ်တော်အမတ် ကိုကျော်ကျော် ဝင်းကဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဟိန္ဒူ ဘာသာ ဝင် ၅၀၀ ကျော်ဟာ မြန်မာဘက်ကို ပြန်လာဖို့ဆန္ဒရှိနေကြတယ်လို့လည်း မြန်မာအာဏာပိုင်တွေဘက်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ကတည်းက အတည်ပြုထားပေမယ့်လည်း ရာနဲ့ချီတဲ့အဲဒီဒုက္ခသည်တွေဟာ အခုချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဆက်စပ် အကြောင်းအရာများ